Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေ၍ ရှုံးမဲမဲကာ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် ဆေးရုံများအပါအဝင် ကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြောင်း သံအမတ် ဦးကျော်မိုးထွန်းက ပြောသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်မှာ မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

စစ်တပ်က သံသယရှိသူများကို စစ်ဆေးမေးမြန်းရန်၊ အကျဉ်းထောင်များတွင် ပြုလုပ်လျက်ရှိသော ရက်စက်သည့် ပြစ်မှုများကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုအပေါ် အကြောက်တရား သွတ်သွင်းနေသည်ဟုလည်း ပြောသည်။

စစ်အာဏာရှင်အား ဆန့်ကျင်နေသည့် ပြည်သူ့ ခုခံတော်လှန်ရေးအား ဟန့်တားရန် အတင်းအကျပ် ပျောက်ကွယ်စေမှုကို နည်းလမ်းတစ်ခုအဖြစ် အသုံးချလျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် အသက်ကြီးငယ်မရွေး အမျိုးသားများအနေဖြင့် စစ်တပ်၏ မတရား ဖမ်းဆီးမှုများ လုပ်ဆောင်ခံရသည့် အဓိက ပစ်မှတ်များ ဖြစ်လျက်ရှိပြီး ၎င်းတို့ကို မည်သည့် နေရာ ရောက်ရှိနေသည်ကိုပင် မသိရှိရကြောင်း ဦးကျော်မိုးထွန်းက ကုလညီလာခံတွင် ပြောကြားခဲ့သည်။

ဝမ်းနည်းဖွယ် ဆို့နင့်ဖွယ် ဖြစ်စဉ်များတွင် ဖမ်းဆီးခံရသူများ သေဆုံးပြီးမှသာလျှင် သိရှိရပြီး စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို လုံးဝ ဥဿုံ ဖျက်ဆီးထားကြောင်း၊ စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခ၏ အရင်းခံဇစ်မြစ်ကြောင်း ဆိုသည်။

အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးတစ်ခုတွင်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ခံပြည်သူ့အစိုးရက နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကို အဓိကအရေးပါသည့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာမှာ (TPNW) တွင် ပါဝင်လက်မှတ်ရေးထိုးမှုမှစ၍ International Atomic Energy Agency (IAEA) ၏ Additional Protocol နှင့် Small Quantity Protocol အာဏာသက်ဝင်ရေး ကြိုးပမ်းမှုများအားလုံးသည် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သံအမတ်ကြီးက ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာစစ်တပ်က ယခင်တည်းက နျူကလီးယားလက်နက်အစီအစဉ်ကို ပြုလုပ်ရန် ရှိသည်ဟု သံသယရှိခဲ့သည့်အတိုင်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြံရွယ် လျက်ရှိနေသည်။

စစ်အုပ်စုသည် အဆိုပါ စက်ရုံမျိုးကို အန္တရာယ်ကင်းစွာ စီမံခန့်ခွဲမှုပြုနိုင်ရေး လုပ်နိုင်သည့် အရည်အချင်း မရှိသကဲ့သို့ လုပ်လိုသည့် နိုင်ငံရေးဆန္ဒလည်း မရှိကြောင်း၊ ယင်းအစီအစဉ်အား ဆောင်ရွက်သည်ဆိုပါက မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ ပြည်သူများအတွက် လွန်စွာအန္တရာယ်ကြီးမားမည်ဖြစ်သည်။

မြန်မာပြည်သူများခံစားနေရသည့် စစ်တပ်၏လူမဆန်သော ဖိနှိပ်မှုများ ရပ်တန့်စေရန်နှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန် စစ်ကောင်စီထံသို့ တိုက်လေယာဉ် လောင်စာဆီ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ လွဲပြောင်းပေးအပ်မှုကို ရပ်တန့်ကရပ်ရန် သံအမတ်ကြီးက မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကော်မတီဆိုင်ရာ အစည်းအဝေးများသို့ တက်ရောက်မိန့်ခွန်းပြောလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်းအရေးယူရေး ဆက်တိုက် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ