Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - AA သိမ်းဆည်းရမိခဲ့သော ARSA တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ။ (ဓါတ်ပုံ - AA)

(ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက် စိန်ခေါ်မှုအသစ်ဖြစ်လာဟုဆို)

ဘူးသီးတောင်၊ မောင်တောဒေသရှိ မေယုတောင်တန်းတွင် အခိုင်အမာစခန်းချထားသော စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင် ARSA ၏ တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

တပ်စခန်းများအား မသိမ်းပိုက်မီ အောက်တိုဘာလ ၁၉ ရက်နေ့ကစ၍ ARSA နှင့် ထိတွေ့တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့တင် အလောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

ဘူးသီးတောင်မြို့နယ် ခရုချောင်း မွတ်ဆလင်ကျေးရွာ အနောက်မြောက်ဘက်တွင် ARSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သလို အောက်တိုဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် မောင်တောမြို့နယ် ဂြင်းတောစခန်း အရှေ့ဘက်တွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်တော ဒေသတွင် ထွက်ပြေးလွတ်မြောက်နေသော စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီ သင်တန်းပေးပြီး လက်နက်ကိုင်ထားသော တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

မေယုတောင်တန်းပေါ်မှာ စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင်အဖွဲ့ ARSA, RSO, ARA တို့သည် အခိုင်အမာတပ်စွဲ ပုန်းခိုလျှက်ရှိပြီး မွတ်ဆလင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများအပေါ်မှာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ကျူးလွန်နေကြောင်း AA က ဆိုသည်။

စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှာ ရခိုင်ဒေသတွင်မက ဘင်္ဂလားဒေ့ရှ်နယ်မြေများတွင်လည်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေ၍ ပြည်သူများအတွက် စိုးရိမ်စရာဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်လာခဲ့ကြောင်း AA ပြောသည်။

ယင်းအပြင် အဆိုပါ စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင်ပူးပေါင်းကာ အာရက္ခတပ်တော် AA အား လာရောက်တိုက်ခိုက်မှုရှိသည်ဟု သိရသည်။

အာရက္ခတပ်တော် AA သည် မောင်တောမြို့တွင် တစ်ခုတည်းကျန်ရှိနေသေးသော စစ်ကောင်စီ၏ နခခ ၅ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တစ်ပြိုင်နက်တည်းတွင် စစ်သွေးကြွမွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကိုလည်း တိုက်ခိုက်နေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ