Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ရခိုင်က မြို့ ၃ မြို့တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်)

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AA က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ထားသည်။

ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း နေ့တိုင်းပြုလုပ်လျက်ရှိကြောင်း AA က ပြောသည်။

ဤကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့တိုင်းဖြစ်ပျက်လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားကာ သို့သော် ထိခိုက်သေဆုံးသူ အရေအတွက်များကိုတော့ ဖော်ပြမထားပေ။

Western News ၏ စာရင်းအရ အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၂၁ တစ်ရက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက်ကြီးပစ်ခတ်၍ အပြစ်မဲ့ မွတ်ဆလင်ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဂွမြို့နယ် ကုလားပြင်အနီးက ဒယ်ဘုတ်ကျေးရွာကို အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၃ နာရီခန့်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားသည်။

ရခိုင်ပြည် မောင်တော၊ အမ်း၊ ကျိန္တလီဒေသတို့တွင် စစ်ကောင်စီနှင့် AA တို့ နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး တောင်ကုတ်မြို့နယ်တို့တွင်လည်း ရံဖန်ရံခါ တိုက်ပွဲများဖြစ်ပွားကြောင်း AA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ