Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်၊ သံတွဲမြို့ပေါ်မှာ စစ်မှုထမ်းဟောင်းရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီအကျော်အချိန် သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်ရွယ် အမျိုးသားတစ်ဦးက Western News ကို ပြောသည်။

“သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံးရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးရယ် အဲ့ဒီရုံးတွေကို ဗုံးကြဲသွားတာဗျ၊ အားကစားခန်းမ ကို ဗုံးကြဲသွားတာရှိတယ်လို့ ပြောတယ်။ ဖုန်းလိုင်းတွေ အဆက်ဖြတ်ထားတော့ အတည်ပြုနေရတာအရမ်းခက်ခဲတယ် “ဟုပြောသည်။

ယင်းဗုံးကြဲတိုက်မှုကြောင့် သံတွဲမြို့ အမှတ် ၈ ရပ်ကွက်က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီရုံးနှင့် စစ်မှူးထမ်းဟောင်းရုံးတို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့နှင့် ငပလီမြို့တို့သည် အာရက္ခတပ်တော် AA ၏ ထိမ်းချုပ်မှုအောက်သို့ ရောက်ရှိနေသည့် မြို့များဖြစ်ကြပြီး မကြာသေးခင်ကလည်း အဆိုပါမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

မကြာသေးခင်ကလည်း သံတွဲမြို့တော်ခန်းမရုံး၊ သဘာဝပတ်ဝန်းကျင်းရုံးနှင့် ယခုလက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးနှင့် စစ်ကောင်စီတပ်၏ စစ်မှူးထမ်းဟောင်းရုံးများကို စစ်ကောင်စီ ဗုံးကြဲသွားခြင်း ဖြစ်သည်။

သံတွဲဒေသခံတစ်ဦးက ” မစားရတဲ့အမဲ သဲနဲ့ ပစ်တာပေါ့ဗျာ။ အဲ့ဒီလေယာဉ်က ဂွဖက်ကိုသွားတာ၊ အဲ့ဒီမှာ လမ်းကြုံလို့ ပစ်တာနဲ့တူတယ်။ အရင်ကတော့ သံတွဲမြို့တော်ခန်းမရုံး၊ သဘာဝပတ်ဝန်းကျင်းရုံးကို ဗုံးကြဲခဲ့တယ်။ အခုတစ်ခါ လာကြဲတယ်ပေါ့။ ဒီရုံးတွေမှာ လူတွေမှ မနေကြတာကို၊ ဒါပေမယ့် စစ်တပ်က သူတို့နေရာတွေမှာ မနေစေချင်တဲ့ သဘောနဲ့ လာကြဲတာနေမှာပေါ့ “ဟုပြောသည်။

ရခိုင်ပြည်အတွင်း စစ်ပွဲတိုင်း အရှုံးပေါ်နေသည့် စစ်ကောင်စီသည် အရပ်သားများ နေထိုင်ရာနေရာများ၊ ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံးနှင့် ရုံးများတို့ကို လေကြာင်းက အဓိက ပစ်မှတ်ထား ဗုံးကြဲနေသည်။

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း တိုက်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူစုစုပေါင်းမှာ ၅၈၈၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ