Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံ- ပြင်ဦးလွင်မြို့တစ်နေရာ။ (ပုံဟောင်းဖြစ်သည်)

မနက်ဖြန် အောက်တိုဘာ ၂၇ ရက်သည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်၍ အာဏာသိမ်း စစ်ကောင်စီသည် ပြင်ဦးလွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး လုံခြုံရေး တိုးမြှင့်ထားသည်။

စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် တပ်လှန့်ထားပြီး ယနေ့ နံနက်ပိုင်းတွင် ဖုန်းလိုင်းတချို့နှင့် Wi-Fi အင်တာနက်လိုင်းတချို့ ပြတ်တောက်သွားကြောင်း တပ်သတင်းရင်းမြစ်နှင့် ဒေသခံ ပြည်သူများက ပြောသည်။

“၁၀၂၇ နှစ်ပတ်လည်ရှိလို့ လုံခြုံရေး တိုးမြှင့်ထားတယ်” ဟု ပြင်ဦးလွင်မှ တပ်သတင်းရင်းမြစ်က ဆိုသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၌ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကြောင့် စစ်ကောင်စီမှာ အလွန်အထိနာခဲ့ပြီး လောက်ကိုင်၊ ကွမ်းလုံ၊ ကျောက်ကြမ်း အပါအဝင် စစ်တပ်၏ စိုးမိုးစခန်းများ၊ ဗျူဟာစခန်းများနှင့် ဒကစဌာနချုပ်များကိုပါ စွန့်လွှတ်ခဲ့ရသည်။

မနက်ဖြန် ကျရောက်မည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ၁ နှစ်ပြည့်အဖြစ် တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ စစ်ကောင်စီက ပြင်ဦးလွင်တစ်မြို့လုံးတွင် လုံခြုံရေး အထူးသတိထားရန် တပ်လှန့်ထားခြင်းဖြစ်သည်။

ထို့ပြင် ပြင်ဦးလွင်မြို့နယ် စိုးမိုးတောင်ကုန်များတွင်လည်း စစ်ကောင်စီက အင်အားတိုးမြှင့်ချထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပြင်ဦးလွင် ပန်းဦးတောင် ကုန်းပေါ်ကနေ နောင်ချို မိုးကုတ်ဘက်က လာကြတာတွေကို အပေါ်စီးကနေ အားလုံးလှမ်းမြင်ရတဲ့ စစ်ခွေးဗျူဟာကုန်း ရှိနေပါတယ်။ တောင်ကုန်းပေါ်မှာအင်အားများများနဲ့ အမြှောက်တွေတင်ပြီး တပ်စွဲထားတယ်။ မိုးကြိုး ဘုရား ကုန်းပေါ်မှာလည်း တပ်စခန်းအကြီးအကျယ်ချထားတယ်။ စိုးမိုးကုန်းတွေ တော်တော်များများမှာ နေရာယူထားတာ” ဟု​ ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ပြင်ဦးလွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတချို့ ​ ပြတ်တောက်သွားပြီး မင်းအောင်လှိုင် ပြင်ဦးလွင်သို့ စစ်လက်ရုံး လာရောက်ရွေးချယ်စဉ်ကလည်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံး ၅ ရက်ကြာ ဖြတ်တောက်ခံခဲ့ရကြောင်း ဒေသပြည်သူများက ပြေဆိုကြသည်။

“ပြင်ဦးလွင်မှာ အင်တာနက်ကော ဖုန်းလိုင်းတချို့ ပြတ်တောက်သွားတယ်။ ဒီမနက် ၁၀ နာရီက တည်းက ဘာမှဆက်သွယ်လို့မရတော့ဘူး။ ဒီမနက် မနက် ၉ နာရီ ၄၅ မိနစ်မှာ Wi-Fi အင်တာနက်လိုင်းတွေ ပြတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြင်ဦးလွင် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး ယခင်ထက်ပိုမို၍ လုံခြုံရေးများ တိုးမြှင့်သည့်အပြင် မြို့နယ်တစ်ဝန်းတွင် ညပိုင်း ဒရုန်းများလွှတ်တင်၍ ကင်းထောက်လှမ်းမှုများပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဆက်စပ်သတင်းများ