Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ကောင်စီထံ လေယာဉ်လောင်စာဆီနှင့် စစ်လက်နက် တင်ပို့မှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့ အရေးယူပေးရန်အတွက် အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က အောက်တိုဘာလ ၂၄ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပေါ်တားဆီးနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်ရောင်းချမှု အမြန်ဆုံးရပ်တန့်ရန် Fortify Rights အဖွဲ့က ပြောသည်။

Fortify Rights လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက “စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေကို ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်နေ တာတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ကုလသမဂ္ဂအနေနဲ့ကတော့ ကြည့်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အာဏာရှင်တွေရဲ့ အကြမ်းဖက် အုပ်စိုးမှုကို ဆက်လက်တည်မြဲစေနိုင်တဲ့ လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်သွင်း၊ စီးဆင်းမှုတွေကို ပိတ်ပင်ဖို့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သလို လုပ်လည်းလုပ်ဆောင်သင့်ပါတယ်” ဟု တောင်းဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာအနီး ဘန်ကောက်စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေး ၆ ဦးအပါဝင် ၉ ဦးသေဆုံးပြီး နောက်ထပ် စစ်ဘေးဒုက္ခသည် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

“မြန်မာစစ်ကောင်စီဟာ ပြစ်ဒဏ်ခံရခြင်းလုံးဝမရှိဘဲ သူတို့ရဲ့ ဂျက်လေယာဥ်တွေနဲ့ အရပ်သားပြည်သူတွေအပေါ် ဆက်လက်တိုက်ခိုက်ဖိနှိပ်နေတာကို တစ်ကမ္ဘာလုံးက နှုတ်ဆိတ်ကာ ကြည့်နေဆဲပါပဲ” ဟု Fortify Rights လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်အပါအဝင် နိုင်ငံအချို့က မြန်မာစစ်ကောင်စီကို လေယာဉ်လောင်စာ ရောင်းချမှုနှင့် ထောက်ပံ့မှုတို့ကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူထားသော်လည်း မြန်မာစစ်တပ်သည် အရပ်သားများအား သတ်ဖြတ်နိုင်ရန် လေကြောင်းလောင်စာဆီ ပုံမှန်ထောက်ပံ့မှု ရရှိနေသေးကြောင်း Fortify Rights ကထုတ်ပြန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ထားကြောင်း ပြောထားသော်လည်း ကုလအဖွဲ့ဝင်နိုင်ငံအချို့က လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။

ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံရေးအတွက် လာမည့်နှစ် ဥက္ကဌအဖြစ် တာဝန်ရယူမည့် ဗြိတိန်နိုင်ငံ (The UK) အနေဖြင့် မြန်မာစစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီ တင်သွင်းမှု ပိတ်ဆို့ရေး ဆုံးဖြတ်ချက်ကို ချမှတ်သင့်သည်ဟု Fortify Rights က တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ဂျက်လေယာဉ်များကို ရေရှည်ရပ်တန့်နိုင်လျှင် မြေပြင်တွင် မလိုအပ်သည့် သေဆုံးမှုများကို တားဆီးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အကျပ်အတည်းများကို အဆုံးသတ်နိုင်သွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံ ချစ်ဆိုင်းက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ