Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - BPLA က ရဲဘော်များအား တွေ့ရစဉ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် အညာဒေသမှာ အခြေချပြီး စစ်ဆေင်ရေးများ ဖော်ဆောင်တော့မည်ဟု တာဝန်ရှိသူက ထုတ်ပြောလာသည်။

BPLA ကွက်ကဲရေးမှူး မောင်ဆောင်းခ က ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။

“ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ် ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ရေးသားထုတ်ပြန်ခဲ့သည်။

BPLA အဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကို လက်မခံရာမှ နွေဦးတော်လှန်ရေးနှင့်အတူ ဖြစ်ပေါ်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး AA ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ထံ စစ်ပညာသင်ယူခဲ့သည်။

AA, MNDAA, TNLA ဖွဲ့ထားသော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကျေးဇူးကို မည်သည့်အခါမှ မေ့ပျောက်မည်မဟုတ်ကြောင်း BPLA ကွက်ကဲရေးမှူး မောင်ဆောင်းခက ဆိုသည်။

“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး” ဟု ပြောသည်။

မြန်မာစစ်တပ် (စစ်ကောင်စီ) က နိုင်ငံ့အာဏာအား မတရားသိမ်းပိုက်ရယူထားခြင်းကို လက်မခံသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် တရားမျှတမှုလည်းမရှိ၊ ငြိမ်းချမ်းရေးလည်း မရှိဆိုသည်ကို အားလုံးနားလည်ခဲ့ပြီဖြစ်ကြောင်းနှင့် ဟစ်တလာနှင့်လည်း ငြိမ်းချမ်းရေးစကားပြောစရာမရှိကြောင်း မောင်တောင်းခက မီဒီယာတွင် ပြောဆိုထားသည်။

မောင်ဆောင်းခ၏ အဆိုအရ BPLA ၏ ရည်ရွယ်ချက်များမှာ ဗမာ ဗုဒ္ဓဘာသာများ လွှမ်းမိုးချုပ်ကိုင်မှု ရပ်တန့်ရေး အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအောက်တွင် မြန်မာနိုင်ငံရှိ မတူကွဲပြားသော တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ခိုင်မာစေရေးနှင့် “ဗမာပြည်နယ်” သို့မဟုတ် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတွင် ဗမာအမှတ်အသားကို အခြေခံသည့် မဲဆန္ဒနယ်မြေတစ်ခု အသိအမှတ်ပြုရေးတို့ပါဝင်ကြောင်း သိရသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – Bamar People’s Liberation Army (BPLA) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် စတင် တည်ထောင်ပြီး အင်အား ၁,၀၀၀ နှင့်အထက်ကိုရှိကြောင်းနှင့် အပတ်စဉ် (၁) စစ်သင်တန်းကို အာရက္ခတပ်တော် AA ထံ သင်ယူခဲ့သည်။

BPLA သည် AA ၏ အကူအညီဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေစိုက်နိုင်ခဲ့ပြီး ယင်းမှတဆင့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့်လည်း မဟာမိတ်ဖြစ်လာခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ (​NUG-MOD)၊ ကျောင်းသားလက်ရုံးတပ်မတော် (SAF)၊ ဒေါင်းမင်းစစ်ကြောင်းတို့နှင့်လည်း မဟာမိတ်ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ