Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ဖြတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါင်းဖြတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပြီး ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့သော လူမဆန်သော ယင်းလုပ်ရပ်များကို ထိရောက်သော အရေးယူမှုမရှိလျှင် စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဟု ၎င်းက သတိပေးလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “Women, Peace and Security: Women Building Peace in a Changing Environment”ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်း ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ အမျိုးသမီးများ အပါအဝင် အရပ်သားများအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် နောက်ဆုံးဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံရသူများအနက်တစ်ချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်း နေသူများဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ယင်းအပြင် တချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခုတ်ထစ်ပိုင်းခြားခံထားရပြီး တစ်ချို့၏ ဦးခေါင်းများမှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကာ ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာလည်း ပြန့်ကြဲနေကြောင်း ယင်းဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့် ဖွယ်ကောင်းကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မေ့လျော့၍ မရနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းကို ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် ဦးကျော်မိုးထွန်းက ကဆက်လက်၍ ၄ နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း မိမိတို့ကို စောင့်ဆိုင်း၍ မနေကြောင်း၊ မိမိတို့၏ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ် များကို မလိုအပ်ပါဘဲ စွန့်လွှတ်အနစ်နာခံနေရကြောင်း ပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသပ်သပ် ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် ဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ကြီးမားသော ခုခံတော်လှန်မှုကို ဘက်ပေါင်းစုံမှ ရင်ဆိုင် နေရသည်နှင့်အမျှ အရပ်သာပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား တိုးမြှင့် လုပ်ဆောင် လျက်ရှိနေပြီး၎င်းတို့အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာဒေသများ၊ နေရပ်စွန့်ခွာသူ စခန်းများပေါ်သို့ လေကြောင်းမှတဆင့် ဗုံးကြဲခြင်းကို ထပ်တိုး၍ စနစ်တကျနှင့် ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိနေသည်။

ယင်းပစ်ခတ်မှုကြောင့် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ အရပ်သားပြည်သူ အသက်သေကျေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောဆိုသည်။

စစ်အုပ်စုမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများမှာ စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိနေပြီ ၎င်းတို့၏ တပ်သားများအနေဖြင့် များပြားလှသော လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကျူးလွန်သူအားလုံးကို တာဝန်ခံမှုရှိစေရေးက အထူး အရေးပါပြီး ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ကြောင်း ပြောဆိုသည်။

လုံခြုံရေး ကောင်စီအနေဖြင့် လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကြပ်အတည်းအား ချုပ်ငြိမ်းရန် ကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့် ကြောင်း သံအမတ်ကြီးက တောင်းဆိုသည်။


ဘုတလင်၊ စီပါကျေးရွာမှ အရပ်သား ၆ ဦး ကို စစ်ကောင်စီ မီးရှို့သတ်ဖြတ်

ဓါတ်ပုံများကို သွေးလန့်သူများနှင့် နှလုံးရောဂါရှိသူများ မကြည့်ရန်

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ