Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော် AA။ (ဓါတ်ပုံ - AA)

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်၏ အရပ်လေးမျက်နှာစလုံးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေ၍ အမ်းတိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က အမ်းမြို့ စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ကိုမျိုးလွင်က ” စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးသံများကို နေအိမ်အပြင်ထွက်ပြီး ကြည့်နေစဉ် ထိမှန်သွားတာဖြစ်ပါတယ်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ပြန်ပြောပါမယ်။ ” ဟု ပြောသည်။

စစ်ရေးအတွက် အဓိက အသုံးပြုနေသည့် လေယာဉ်ကွင်းရပ်ကွက်ရှိ အမ်းလေဆိပ်ကို AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီလေယာဉ်များ အတက်အဆင်း မပြုလုပ်နိုင်ရန် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒဏ်ရာ ရသွားခြင်းဖြစ်သည်။

” တိုက်ပွဲကတော့ နှစ်ဖက်စလုံးက အင်အားအများအပြားနဲ့ တိုက်ခိုက်နေကြတယ်။ စစ်ကောင်စီဘက်ကတော့ အမ်းမှာ အင်အား သိပ်မရှိတော့ဘူး။ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့သာ စစ်ကူပေးနေရတယ်။ ရေကြောင်းနဲ့ မြေပြင်ကလည်း တပ်သားတွေ မပို့နိုင်တော့ဘူး။ AA က အားလုံး ပိတ်ဆို့ထားတာလေ။ စစ်ကောင်စီတပ်သားတွေ တော်တော်လေးကို အကျပ်ရိုက်နေကြပြီ ” ဟု ကိုမျိုးလွင်က ဆက်ပြောသည်။

အမ်းမြို့နယ်က စေ့ချောင်းဗျူဟုန်းနှင့် မဲတောင်ဗျူဟာကုန်းတို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှာ အမ်းမြို့က တပ်များတွင် အင်အား ၁,၂၀၀ ကျော်ခန့်သာ ရှိတော့ပြီး ၂၀၀ ခန့်က စစ်တိုက်နိုင်သည့် အရွယ်မဟုတ်ကြောင်းနှင့် ယခုရက်ပိုင်းအတွင်း ဟိုက်စကီးလေယာဉ်များဖြင့် အင်အား ပို့နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ