Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲများက စစ်ကောင်စီထံမှ AA သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓါတ်ပုံ - AA)

(စစ်ကောင်စီ တပ်သားများ ပြေးစရာမြေမရှိတော့ဟုဆို)

ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။

ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။

“အမ်းမြို့ ထွက်ပေါက် ၄ ခုက နပခကို ဝန်းရံထားတဲ့ စစ်ကောင်စီတပ်ရင်းတွေ၊ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ အခု လောလောဆယ်တော့ ခမရ ၃၇၃၊ ဆေးတပ်၊ စရဖရုံး သိမ်းပိုက်ထားတယ်။ ခမရ ၃၇၂၊ ထောက်ပို့ ဆက်သွယ်ရေးတပ်ကိုလည်း သိမ်းလိုက်ပြီ။ တစ်မိုင်ကုန်းတပ်ကိုလည်း သိမ်းပိုက်ပြီ။ COC, အမြောက်တပ်နဲ့ BE တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ အမ်းလေဆိပ်မှာ စစ်ကောင်စီ လေယာဉ်တွေ ဆင်းမရအောင်လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ တပ်ရင်းတွေ သိမ်းတာက AA ထုတ်ပြန်မှ အတည်ပြုတာ ပိုကောင်းပါတယ်။ ” ဟု ပြောသည်။

အမ်းမြို့ အရပ်လေးမျက်နှာမှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့တွင် စစ်ကောင်စီတပ်ရင်းတပ်စခန်းများနှင့် အာရက္ခတပ်တော် AA ပူးပေါင်းတော်တပ်ဖွဲ့တို့မှာ တိုက်ပွဲပြင်းထန်နေကြခြင်းဖြစ်သည်။

AA က နောက်ဆုံးသိမ်းပိုက်ခဲ့သည့် မဲတောင်ဗျူဟာကုန်းပြီးနောက် အမ်းမြို့ နပခတွင် စစ်ကောင်စီ တပ်သား ၁,၂၀၀ ကျော်ခန့်သာ ရှိတော့ပြီး ၂၀၀ ခန့်က မတိုက်ခိုက်နိုင်၍ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှာ အင်အား ရာနှင့်ချီ ဟိုက်စကီးဖြင့် ပို့ဆောင်လျှက်ရှိကြောင်း သိရသည်။

သို့သော်လည်း အမ်းက စစ်ကောင်စီတပ်များမှာ ရေလမ်း၊ ကုန်းလမ်းအားလုံးကို AA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီဖြစ်၍ လေကြောင်းတစ်ခုသာ ထွက်ပေါက်ရှိကြောင်းနှင့် ပြေးစရာမြေမရှိဟု ကိုမျိုးလွင်က ဆက်ပြောသည်။

” AA ဟာ အမ်းမြို့ရဲ့ ထွက်ပေါက် အရပ်လေးမျက်နှာစလုံးကို ပိတ်ဆို့ထားပြီ။ အမ်းလေဆိပ်ကိုလည်း လက်နက်ကြီးတွေနဲ့ တောက်လျှေက်ပစ်ခတ်နေတယ်။ မကြာခင်သိမ်းလိုက်တဲ့ မဲတောင်ဗျူဟာကုန်းဆိုရင် အမ်းရဲ့ ဘယ်နေရာကိုမဆို လက်နက်ကြီးနဲ့ AA က ပစ်လို့ရသွားပြီ။ စစ်ကောင်စီတပ်သားတွေက ဂျောင်ပိတ်မိသွားပါပြီ။ AA ရဲ့ ထိုးစစ်ကိုလည်း ခံနိုင်မှာ မဟုတ်ဘူး။ ပြေစရာ မြေမရှိတော့ဘူး။ လေကြောင်းက ထွက်ပြေးမယ်ဆိုရင်လည်း အမ်းလေဆိပ်က တိုက်ခိုက်ခံနေရတော့ မလွယ်ကူနိုင်တော့ဘူး။ ဒါကြောင့် အလံဖြူထောင်မလား၊ အသေးခံမလားဆိုတာ ရွေးချယ်ရတော့မယ်။ ” ဟု ပြောသည်။

ခမရ ၃၇၁ တပ်ရင်းက အမ်းမြို့ထဲမှာ ရှိနေ၍ ၁,၀၀၀ ကျော်ပိတ်မိနေသော အရပ်သား ဒေသခံပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာပြုလုပ်နိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။

အရပ်လေးမျက်နှာက နေရာအနှံ့ကို AA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယခုလအတွင်း သိမ်းပိုက်နိုင်လိမ့်မည်ဟု စစ်ရေးသုံးသပ်သူများက ခန့်မှန်းပြောဆိုနေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ