Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(လေဆိပ် လက်လွှတ်လိုက်ရ၍ စစ်ကူအင်အားကို ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်နိုင်)

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့တွင် လေဆိပ်ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီမှာ မကွေးလေဆိပ်နှင့် ဧရာဝတီ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြု တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” စစ်ကောင်စီဟာ အမ်းလေဆိပ်ကို လုံးဝ အသုံးပြုလို့ မရတော့ဘူး။ လေဆိပ် ပတ်ပတ်လည်ကနေ AA က ပိတ်ဆို့ ပစ်ခတ်နေတယ်။ စစ်ကောင်စီ လေယာဉ်တွေ ဆင်းသက်လို့မရအောင် တောက်လျှောက် ပစ်ခတ်နေတာ။ အဲဒီတော့ စစ်ကောင်စီဟာ မကွေးလေဆိပ်နဲ့ ပုသိမ်လေဆိပ်ကို အဓိက အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကို ပစ်ကူပေးနေတယ်။ ” ဟု ပြောသည်။

အမ်းမြို့တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိပြီး နပခ နှင့် အမ်းမြို့ မကျစေရေးအတွက် စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို အများအပြားပြုလုပ်နေသည်။
အမ်းဒေသခံ ကိုမျိုးလွင်က ” တစ်ရက်မှာ အနည်ဆုံးတော့ ၃,၄ စီးလောက်ရှိမယ်။ လာလာ ဗုံးကြဲတိုက်ခိုက်နေတာ။ လေယာဉ်တွေက အမျိုးအစုံပါပဲ။ ဗုံးကြဲသံတွေက ဆူညံ့နေတာပဲ။ နှစ်ဖက်စလုံးက တော်တော်လေး အပြင်းအထန် တိုက်နေကြတာ။ စစ်ကောင်စီဟာ ကုန်းကြောင်း၊ ရေကြောင်းတွေ ပိတ်ဆို့ခံထားရတော့ လေဆိပ်လည်း အသုံးပြုမရတော့ ရဟတ်ယာဉ်လောက်နဲ့ပဲ စစ်အင်အား ပို့ပေးနိုင်တော့တယ်။ မြို့ထဲက ၃၇၁ တပ်ရင်းကို အဓိက ပို့ပေးနေတယ်။ အဲကတစ်ဆင့် ပြန်ခွဲပေးနေတယ်။ ” ဟု ပြောသည်။

အမ်းမြို့ အရပ်လေးမျက်နှာ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့က ပိတ်ဆို့ပြီး AA နှင့် ပူးပေါင်းအဖွဲ့မှာ စစ်ကောင်စီတပ်ရင်းတပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားသော ခမရ ၃၇၂, ၃၇၃ တပ်ရင်း, တစ်မိုင်ကုန်းတပ်၊ ဆေးတပ်၊ ထောက်ပို့တပ်၊ မဲတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ တို့ကို AA က သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အမြောက်တပ်၊ BE တပ်နှင့် နပခ ဌာနချုပ်စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြေးစရာမြေမရှိဖြစ်နေပြီဟု ဒေသခံ ကိုမျိုးလွင်က ဆိုသည်။

အရပ်လေးမျက်နှာက နေရာအနှံ့ကို AA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယခုလအတွင်း သိမ်းပိုက်နိုင်လိမ့်မည်ဟု စစ်ရေးသုံးသပ်သူများက ခန့်မှန်းပြောဆိုနေကြသည်။

ဆက်စပ်သတင်းများ