Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော MDY PDF ၏ စစ်သုံ့ပန်းထားရှိရာ အချုပ်ဆောင်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင် ယနေ့ အောက်တိုဘာလ ၃၀ ရက်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး သုံ့ပန်း ဗိုလ်မှူးတစ်ဦး အပါအဝင် ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထားရှိ အချုပ်ဆောင်ကို ယနေ့ နံနက် ၁ နာရီတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း MDY PDF က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်ကလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သုံ့ပန်း အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး နှစ်ရက်တာအတွင်း သေဆုံးသူ ၁၆ ဦး အထိရှိလာခဲ့ပြီဖြစ်ကြောင်း MDY PDF ထုတ်ပြန်ထားသည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု MDY PDF က ပြောသည်။

စစ်ကောင်စီဗုံးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကို ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ