Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ (မြန်မာစစ်တပ်) ၏ တိုက်လေယာဉ်များ။ (ပုံဟောင်းဖြစ်သည်)

(အမ်းဆေးရုံက ခွဲစိတ်ပစ္စည်းကိရိယာများကို စစ်တပ်က သိမ်းထား၍ ဒဏ်ရာရရှိသူများ အခက်အခဲဖြစ်နေ)

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးနီးပါး ဒဏ်ရာပြင်းထန်ကြောင်း အမ်းဒေသခံများက ပြောသည်။

စစ်ကောင်စီ ဗုံးသီးများနှင့် လက်နက်ကြီးကျည်များမှာ မြို့သစ် အမှတ် (၄) ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ မြောက်ဘက်ခြမ်း (ချောင်းတစ်ဖက်ကမ်းရှိ) စသည့်နေရာများသို့ အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖုန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်မှုများကြောင့် ထိခိုက်သေဆုံးသူများ၏ နာမည်နှင့် အသက်အရွယ် အချက်အလက်များကို မရရှိနိုင်သေးဘဲ Western News ဆက်က စုံစမ်းနေဆဲဖြစ်သည်။

အမ်းဒေသခံတစ်ဦးက “အမှတ် ၄ မှာ လေယဥ်ကချတဲ့ ဗုံးတွေထိလို့ နေအိမ်တွေ မီးလောင်နေပါတယ်။ လူတွေ ပြေးနေရပါတယ်။ အမှတ် ၄ ကလူတွေ အခုဘုန်းကြီးကျောင်းမှာ ပိတ်မိနေပါတယ်။ ကယ်ထုတ်ပေးစေချင်တယ်ဗျာ။ အဖွဲ့အစည်းတစ်ခုခုကို ဆက်သွယ်လို့ရရင် ကူညီပေးပါဗျာ” ဟု တောင်းဆိုထားသည်။

ဒဏ်ရာရရှိထားသည့် ၂၀ ဦးနီးပါးမှာ ဒဏ်ပြင်းထန်၍ အမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို အမ်းဆေးရုံးကို ပို့ထားတယ်။ ဒါပေမယ့် ဆေးရုံမှာ ခွဲစိတ်ကုသ ပစ္စည်းကိရိယာတွေကို စစ်တပ်က သိမ်းယူထားတော့ သေချာ မကုပေးနိုင်ကြဘူး။ ခြေထောက်ဖြတ်ရမယ့်သူတွေပါတယ်။ လက်ဖြတ်ရမယ့်သူတွေ ပါတယ်လို့ သိရတယ်။ ဒဏ်ရာ အရမ်းပြင်းထန်ကြတယ်လို့ သိရတယ်။ ကုသရေးပစ္စည်းကိရိယာတွေ စုံစုံလင်လင်မရှိတော့ ဆရာတွေ၊ သူနာပြုတွေလည်း တော်တော်လေး ဒုက္ခရောက်နေကြပါတယ်” ဟု ဆိုသည်။

ယနေ့ ယခုအချိန်ထိလည်း စစ်ကောင်စီတပ်နှင့် AA တို့မှာ တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု အဆက်မပြတ် ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက် နေ့လယ် ၁ နာရီခွဲအချိန်က အမ်းမြို့ထဲ ပိတ်မိနေသည့် မိသားစုတစ်စုနှင့် Western News တို့ အဆက်အသွယ်ရပြီး ယင်းမိသားစုထဲက သမီးနှင့် မိခင်ဖြစ်သူက အမ်းမြို့အခြေအနေကို ယခု ပြောဆိုထားသည်။

“အမ်းမြို့ထဲမှာ နေရာတိုင်းမှာ သေနတ်သံတွေ၊ လေယာဉ်သံတွေ ကြားနေရပါတယ်။ အခု ကျမတို့မိသားစု တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေရပါတယ်။ စစ်ရှောင်နေရပါတယ်။ နောက်မှ ပြန်ဆက်ပါ၊ ပြန်ဆက်ပါ၊ အခု နောက်တစ်နေရာကို ပြေးရပါတော့မယ်” ဟု မိခင်ဖြစ်သူက ပြောဆိုပြီး ဖုန်းချသွားသည်။

အမ်းမြို့ အရပ်လေးမျက်နှာ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့က ပိတ်ဆို့ပြီး AA နှင့် ပူးပေါင်းအဖွဲ့မှာ စစ်ကောင်စီတပ်ရင်းတပ်စခန်းများကို အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားသော ခမရ ၃၇၂, ၃၇၃ တပ်ရင်း, တစ်မိုင်ကုန်းတပ်၊ ဆေးတပ်၊ ထောက်ပို့တပ်၊ မဲတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ တောဟိန်းတောင်ဗျူဟာ တို့ကို AA က သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး အမြောက်တပ်၊ BE တပ်နှင့် နပခ ဌာနချုပ်စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြေးစရာမြေမရှိဖြစ်နေပြီဟု ဒေသခံ ကိုမျိုးလွင်က ဆိုသည်။

အရပ်လေးမျက်နှာက နေရာအနှံ့ကို AA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယခုလအတွင်း သိမ်းပိုက်နိုင်လိမ့်မည်ဟု စစ်ရေးသုံးသပ်သူများက ခန့်မှန်းပြောဆိုနေကြသည်။

ဆက်စပ်သတင်းများ