Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

AAနှင့် CNFတို့ကို ရိက္ခာနှင့် ဆေးဝါးများ ကူညီထောက်ပံ့နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

မကွေးတိုင်း ဆောမြို့နယ် ကံချောင်းရွာကို အောက်တိုဘာလ ၃၀ ရက် ည ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေအိမ်များ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူးခင်ဗျ၊ ဒီအတိုင်း လာပြီးဗုံးကြဲသွားတာပါ။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားတာပါ။ ကလေးတစ်ဦးရယ်။ နောက်သုံးဦးထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ နေအိမ် တော်တော်များများ ပျက်စီးသွားပါတယ် ” ဟုပြောသည်။

အာရက္ခတပ်တော် AA နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ကို ရိက္ခာဖြန့်ဝေသည်ဟုဆိုကာ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ရှင်းလင်းခဲ့ကြောင်း စစ်ကောင်စီအား ထောက်ခံရေးသားနေသည့် မီဒီယာများက ရေးသားကြသည်။

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်များမှတစ်ဆင့် AA နှင့် CNF တို့ကို ထောက်ပံ့သည်ဟုဆိုကာ မဟုတ်မမှန် ဝါဒဖြင့်မှုကြောင့် ယခုကဲ့သို့ လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၀ အရွယ်ရှိ ကံချောင်းရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ ရွာက လူတွေက အဲ့လိုထောက်ပံ့တာတွေ မရှိပါဘူး။ ကျမတို့ထင်တာက ရွာကို စစ်တပ်က ပစ်မှတ်ထားနေတာကြာပြီလို့ သိရပါတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် စစ်တပ်ထောက်ခံတဲ့သူတွေက ဝါဒဖြန့်တာတွေရှိတယ်။ AA ကို ထောက်ပံ့နေတာတွေ၊ ပြီးတော့ CNF ကိုထောက်ပံ့တွေဆိုပြီးတော့ စွပ်စွဲနေတာပါ။ အဲ့ဒါကြောင့် လာကြဲတာနေမှာပါ။ ဒါက လုံးဝအဓိပ္ပာယ်မရှိတာဖြစ်ပါတယ် “ဟုပြောသည်။

စစ်ပွဲတိုင်း အရှုံးပေါ်နေသည့် စစ်ကောင်စီသည် အရပ်သားများ နေထိုင်ရာနေရာများ၊ ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံးနှင့် ရုံးများတို့ကို လေကြာင်းက အဓိက ပစ်မှတ်ထား ဗုံးကြဲနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူစုစုပေါင်းမှာ ၅၈၈၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ