(တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်မည်ဟုဆို)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် (၃၆) နှစ်မြောက် ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၊ မြောက်ပိုင်းဗဟိုဌာနချုပ်၊ စစ်ကြောင်း (၂) နှင့် စစ်ကြောင်း (၃) စသည့် နယ်မြေဒေသ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုက်ပွဲဝင်သွားမည်ဟု ကျောင်းသားတပ်မတော် ABSDF က ပြောသည်။
ကျောင်းသားတပ်မတော် ဥက္ကဌ ရဲဘော်သံခဲ က “ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမယ်” ဟု ပြောသည်။
ABSDF ကျောင်းသားတပ်မတော်၏ ဦးတည်ချက် ၄ ရပ် ဖြစ်သော အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် နိုင်ငံရေးဦးတည်ချက်များအတွက် ဘဝများစွာ စွန့်လွှတ်ပေးဆပ်ခဲ့ရသည်ကိုလည်း သမိုင်းမှတ်တမ်းအဖြစ် ဂုဏ်ယူတန်ဖိုးထားကြောင်း သိရသည်။
လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူ လူထုကြီးနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် ကျရာအခန်းကဏ္ဍများတွင် တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်ဟု ယခုကျရောက်သည့် ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက်နေ့မှာ ABSDF က ထုတ်ပြန်ပြောဆိုခဲ့သည်။