အမ်းမြို့က စစ်ကောင်စီ တပ်ရင်းတပ်စခန်းများကို လေးဘက်လေးတန်ပိတ်ဆို့ တစ်ပတ်ကျော် တိုက်ခိုက်ပြီးနောက် အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကာကင်းများအထိ ဝင်ရောက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အမ်းတွင် ဗျူဟာကုန်း၊ အမြောက်တပ်များအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိပြီး အာရက္ခတပ်တော် AA က မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းအဓိက အသုံးပြု ခုခံနေကြောင်း သိရသည်။
အမ်းမြို့နှင့် နပခကို သိမ်းနိုင်ရန် AA သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် လအနည်းငယ်ကြာ စစ်ကောင်စီတပ်ရင်းများကို ပိတ်ဆို့ခဲ့ပြီးနောက် ပြီးခဲ့သည့်တစ်ပတ်ကျော်ကစ၍ အရပ်လေးမျက်နှာ ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံစစ်ရေးသတင်းရင်းမြစ်က ” တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပဲ။ တပ်တော်က နပခ ကာကင်းတွေအထိ ထိုးဖောက်ဝင်ရောက်နေပြီ သိရပါတယ်။ တပ်ရင်း တပ်စခန်း အများအပြားကိုလည်း သိမ်းထားပြီးပြီ။ ဒါပေမယ့် တပ်တော်ဘက်က ထုတ်ပြန်မှ အတည်ပြုနိုင်မယ်ပေါ့နော်။ စစ်ကောင်စီဘက်က နေ့တိုင်း ဗုံးကြဲတိုက်ခိုက် ခုခံနေတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိပါတယ်။ ” ဟု ပြောသည်။
နပခ ၏ အရေးပါသော အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ၊ စွေ့ချောင်းဗျူဟာ၊ မဲတောင်ဗျူဟာ တို့ကို AA က သိမ်းပိုက်ပြီးနောက် ယခု ခမရ ၃၇၂, ခမရ ၃၇၃ တပ်ရင်း၊ ဆေးတပ်၊ ထောက်ပို့တပ်၊ စစ်ဆေးရုံ၊ တစ်မိုင်ကုန်းစခန်း၊ ကံ့ကော်တစ်ထောင်ဘုရား စခန်း၊ သင်တန်းကျောင်း၊ စရဖ တပ် စသဖြင့် သိမ်းလိုက်ပြီဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
သို့သော်လည်း အာရက္ခတပ်တော် AA ဖက်က တစ်စုံတစ်ရာ ထုတ်ပြန်အသိပေးခြင်းမရှိသေး၍ သီးခြားအတည်မပြုနိုင်သော်လည်း AA ၏ ထိုးစစ်မှာ အမ်းမြို့အထိ ရောက်ရှိနေပြီး နပခ ကာကာင်းများကို အရှိန်မြှင့် တိုက်ခိုက်နေပြီဟု သိရသည်။
အမ်းလေဆိပ်ကိုလည်း စစ်ကောင်စီက အသုံးမပြုနိုင်စေရန် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့များသည် လေဆိပ်အနီးပိတ်ဆို့ကာ ထိန်းချုပ်ထားကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ပြောဆိုထားသည်။
အာဏာသိမ်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဖြင့် ပြင်းပြင်းထန်ထန် ခုခံကာ စစ်ရဟတ်ယာဉ်များဖြင့် စစ်မှုထမ်းတပ်သစ်များအပါအဝင် အင်အားအများအပြား ပို့ဆောင်ပေးနေပြီး AA အား တိုက်ခိုက်နေသည်။
အမ်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က အမ်း- ပဒါန်းလမ်း စပ်စီကျေးရွာအနီးတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့က စောင့်ကြိုတိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကြောင်း သိရသည်။
ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ” အမ်းမြို့ထဲမှာတော့ တိုက်ပွဲ ဖြစ်နေတုန်းပါပဲ။ နပခ အနီးမှာလည်း ဖြစ်နေကြတယ်ပြောတယ်။ နပခ ကို သိမ်းတာကိုတော့ မကြားသေးဘူး။ ဖုန်းအဆက်အသွယ်က မရတော့ အတိအကျတော့ မသိဘူး။ လူတွေကလည်း အားလုံး စစ်ဘေးရှောင်နေကြရတယ်။” ဟု ပြောသည်။
အမ်းမြို့ထဲတွင် တိုက်ပွဲပြင်းထန်ချိန် ထွက်မရောက်နိုင်လိုက်သည့် မြို့ခံများနှင့် စစ်ကောင်စီ ခေါ်ယူထားသည့် ဒေသခံပြည်သူများ အပါအဝင် ပိတ်မိနေသည့် အရပ်သား တစ်ထောင်ကျော်ရှိကြောင်း စုံစမ်းသိရသည်။
အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီကျော်အချိန်က စစ်ကောင်စီ အမ်းမြို့ထဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် ၄ ရပ်ကွက်နှင့် မြို့မြောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ပြီး အရပ်သား ၁၀ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
အမ်းမြို့ထဲ ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးက ” ကျမတို့ကို ကယ်ထုတ်ပေးစေချင်ပါတယ်။ သေနတ်သံတွေ၊ ဗုံးသံတွေကြားမှာ ရူးမတတ်ဖြစ်နေပါပြီ။ ” ဟု ဖုန်းချသွားသည်။
အမ်းမြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ရင်းများက လူသားဒိုင်းကာအဖြစ် အသုံးပြုထားကြောင်းနှင့် ၎င်းတို့အတွက် အသက်အန္တရာယ် အလွန်စိုးရိမ်နေကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။
အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ရန် အရှိန်မြှင့်တိုက်ခိုက်နေချိန် တစ်ပြိုင်တည်း တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်နေသည်။