Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-Thant Zin Aung)

နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်ပြည်သူ ၆,၀၀၀ ကျော်မှာ ဆောင်းဝတ် အနွေးထည်များနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများနှင့် ကူညီထောက်ပံ့ရေးလုပ်နေသူများက ပြောဆိုကြသည်။

စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမှာ ဂွမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာ တိုင်ကျိုး၊ ကမ်းသာယာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေကြပြီး ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သံတွဲမြို့နယ်က ထွက်ပြေးလာသည့် စစ်ရှောင်များအပါအဝင် ဂွဒေသခံ စစ်ရှောင်ပြည်သူများမှာ ဆောင်းတွင်းကာလ အနွေးထည်မရှိ၍ အအေးဒဏ်ကို ခံစားနေရကြောင်း ဂွမြို့နယ်အခြေစိုက် မြတ်မေတ္တာလူမှုကူညီရေးအသင်းက ပြောသည်။

အသင်း ဥက္ကဌ ကိုသန့်ဇင်အောင်က “ရခိုင်မှာက အခု ဆောင်းစဝင်ပြီပေါ့နော်။ စစ်ရှောင်တွေမှာက ဘာတစ်ခုမှ မပါဘဲ အိုးအိမ်စွန့်ခွာ ပြေးလာရတာများပါတယ်။ ဂွမြို့နယ်က အရမ်းအေးတဲ့ဒေသထဲမှာပါပါတယ်။ အခု စစ်ရှောင်တွေဟာ အအေးဒဏ်ကို ခံစားနေရပါတယ်။ ကလေးတွေဆို သနားဖို့ကောင်းပါတယ်။ အဝတ်ပါးပါးလေးနဲ့ ဆောင်းရာသီကို ဖြတ်ကျော်နေရတယ်။ ကျနော်တို့က ရတဲ့အလှူငွေနဲ့ တတ်နိုင်သလောက် ကူညီနေပေမယ့် ထပ်ပြီး အကူအညီက အများကြီးလိုအပ်နေပါသေးတယ်။” ဟု ပြောသည်။

ဂွမြို့နယ် လောင်းကျိုးဒေသခံတစ်ဦးကလည်း တိုက်ပွဲတစ်နေ့ထက်တစ်နေ့ ပြင်းထန်လာသည်နှင့်အမျှ စစ်ရှောင်ပြည်သူများမှာ တိုးလာနေပြီး စားဝတ်နေရေး အလွန်ခက်ခဲလာကြောင်း ပြောသည်။

“ဘယ်လိုပြောရမလဲ အခက်အခဲတွေက အများကြီးပါ။ အလုပ်တွေလည်းမလုပ်ရ။ စားဖို့လည်း ဆန်မရှိ၊ တိုက်ပွဲတွေ၊ သေနတ်သံတွေကြားမှာ ထွက်ပြေးရ၊ တိမ်းရှောင်ရနဲ့ လေယာဉ်ကလည်း ဗုံးတွေနဲ့လာကြဲ တော်တော်လေးကို စိတ်ဆင်းရဲနေရပါတယ်။ ဒီကြားထဲ နေမကောင်းဖြစ်ရင် ဆေးကမရှိဘူး။ အရင်လို ဆေးတွေအလွယ်တကူဝယ်လို့လည်း မရပြန်ဘူး။ ရောဂါသာ အကြီးကြီးဖြစ်လို့ကတော့ သေဖို့သာ ပြင်ဆင်ထားပေတော့။” ဟု ဆိုသည်။

ရန်ပုံငွေအားနည်း၍ စစ်ရှောင်ပြည်သူများကို လုပ်ပေးချင်သလောက် လုပ်မပေးနိုင်ကြောင်း ဂွမြို့နယ်အခြေစိုက် မြတ်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဌ ကိုသန့်ဇင်အောင်က ဆက်လက်ပြောသည်။

“စိတ်ရှိသလောက် မကူညီပေးနိုင်လို့ စိတ်မကောင်းဖြစ်နေရပါတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေမယ့် စစ်ရှောင်တွေမှာက လိုအပ်ချက်တွေက အများကြီးပါ။ ကျနော်တို့မှာ အကူအညီတွေ၊ အလှူငွေရရင် ဆေးဝါးတွေဝယ်မယ်။ ဆေးတွေထောက်ပံ့ပေးမယ်။ ဆောင်းရာသီဝတ်ဖို့ အသက်အရွယ်အစုံ အနွေးထည်တွေ ထောက်ပံ့ပေးပါမယ်” ဟု ဆိုသည်။

ဂွမြို့နယ်က စစ်ရှောင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ကလေးမွေးဖွားမည်ဆိုပါက ယခင်လို ဆေးရုံဆေးခန်းများတွင် မမွေးဖွားနိုင်တော့ဘဲ ကျေးလက်ဒေသရှိ လက်သည်များဖြင့်သာ ကလေးမွေးဖွားနေရကြောင်း သိရသည်။

ဒေသခံပြည်သူများ စားသောက်ကုန်မပြတ်လပ်စေရေးအတွက် ဂွ-ဧရာဝတီ တစ်ပိုင်းတစ်နိုင် ကုန်သွယ်နေကြသူများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်နေပြီး ဆိုင်ကယ်လိုင်စင်ဖမ်းသည်အထိ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ