Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကိုဗစ်ကာလအတွင်း တောင်ကုတ်မြို့တွင်းမြင်ကွင်းများ။ (ပုံဟောင်းဖြစ်သည်)

(လေကြောင်းအန္တရာယ် အသိပညာအားနည်း၍ လေယာဉ်လာလျှင် နေအိမ်အပြင်ထွက်ပြီး ကြည့်နေကြဟုဆို)

ရခိုင်ပြည် တောင်ကုတ်မြို့ထဲမှာ ကလေးငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် အသက်အရွယ်အစုံ အရပ်သား ၆ သောင်းကျော် ပိတ်မိနေကြောင်း တိမ်းရှောင်လွတ်မြောက်လာသူများက ပြောသည်။

ကုန်ခဲ့သည့် အောက်တိုဘာလ အစောပိုင်းရက်များအထိ တောင်ကုတ်မြို့ပြင်သို့ ထွက်ခွင့်ရရှိခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲက မြို့အနီးအနားသို့ ကပ်လာနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အရပ်သားများအား အပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားကြောင်း တိမ်းရှောင်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

” အောက်တိုဘာ ပထမအပတ်ကနေ ထွက်ပြေးတိမ်းရှောင်လိုက်လို့ပါ။ လွတ်လာတာ။ အခုဆို သွားပြီ ပိတ်မိနေပါပြီ။ မြို့ထဲမှာ ၆ သောင်း၊ ၇ သောင်းလောက်ရှိပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ အများကြီးပါ။ ဘယ်သူ့ကိုမှ စစ်ကောင်စီက ထွက်ခွင့်မပေးဘူး။ ပြောရရင် လူသားဒိုင်းကာအနေနဲ့ အသုံးပြုနေတာပါ။ ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ရင်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့ထဲ ပိတ်မိနေသူများမှာ အဆက်အသွယ်ပြတ်တောက်နေပြီး ဖုန်းလိုင်းဆက်သွယ်ရေး အလွန်ခက်ခဲနေကြောင်း နောက်ထပ် တိမ်းရှောင်လွတ်မြောက်လာသူတစ်ဦးက ဆိုသည်။

“တောင်ကုတ်ဖုန်းလိုင်းတွေက ဆက်သွယ်ရခက်ခဲနေတာ ကြာပါပြီ။ အောက်တိုဘာလ ဒုတိယအပတ်လောက်ကနေ နေရာကွက်ကျားပဲ လိုင်းရတယ်။ အခု တိုက်ပွဲတွေက တောက်လျှောက်ရှိနေတော့ ဖုန်းလိုင်းက ဖြတ်လိုက်ဖွင့်လိုက်ဆိုတော့ တော်တော်လေးကို ခက်ခဲပါတယ်။ ဒီနေ့ မြို့ထဲက တစ်ယောက် အဆက်အသွယ်ရလို့ သူတို့ရဲ့ အခြေအနေတွေကို သိနေရတာပါ။ စားနပ်ရိက္ခာ ပြတ်နေပြီလို့ ပြောပါတယ်။ နေမကောင်းတဲ့သူတွေလည်း ရှိနေကြတယ် ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း မြို့ပြင်ထွက်ခွင့်မပေးဘူးလို့ ပြောပါတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။” ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းတစ်သောင်းကျော် ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲကြောင့် မြို့ခံအချို့ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ယခု မြို့ထဲ ၆ သောင်းကျော်အထိ ပိတ်မိနေကြခြင်းဖြစ်သည်။

အရပ်သားအချို့မှာ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များမှ ကာကွယ်ရမည့် အခြေခံအချက်အလက်များကို မသိရှိခြင်းနှင့် စစ်လက်နက်ပစ္စည်း အသိပညာအားနည်းခြင်းကြောင့် လေယာဉ်ပျံဝဲလာလျှင် နေအိမ်အပြင်ထွက်ပြီး ကြည့်ကြသည်ဟု သိရသည်။

” မြို့ထဲမှာ လေကြောင်းအန္တရာယ် အသိပညာပေး လုပ်ပေးနေရတယ်။ လေယာဉ်လာပြီဆိုရင် ဗုံးခိုကျင်း ဒါမှမဟုတ် အထိအခိုက်နည်းပြီး အန္တရာယ်ကင်းနိုင်တဲ့နေရာတွေကို သွားပြီး ပုန်းခိုနေရာမှာကို အိမ်ပြင်ထွက်ပြီး လေယာဉ်ကို သွားကြည့်နေကြတယ်။ အဲဒါ လူငယ်အချို့ နီးစပ်ရာအလိုက် အသိပညာ မျှပေးနေတာတွေရှိပါတယ်။ အခု တောင်ကုတ်ကို လာတဲ့ လေယာဉ်တွေက အပျော်စီး ခရီးသွားလေယာဉ်တွေမဟုတ်ဘူး။ ငါတို့ကို ဗုံးကြဲသတ်ဖြတ်မယ့် လေယာဉ်တွေဆိုပြီး ပြောပြီး ပုန်းဖို့ ပြောနေရတယ်။ မသိတာကလည်း တော်တော်ခက်တာပဲ။ ” ဟု မြို့ထဲနှင့်အဆက်အသွယ်ရသူများက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ (၅) တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိပြီး လက်ရှိတွင် တောင်ကုတ်မြို့နှင့် မဝေးသော ပန်းမြောက်တောင်ရှိ တပ်စခန်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ