Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီထံမှ AA သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ပုံဟောင်းဖြစ်သည်)

(တောင်ကုတ်တိုက်ပွဲ AA ပစ်ခတ်၍ ဒုရဲအုပ်နှင့် ရဲတပ်သားငယ် သေဆုံး)

ရခိုင်ပြည် တောင်ကုတ်မြို့တွင်ရှိသော အမှတ် (၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မနှင့် သုံးမိုင်ကျော်သာဝေးသည့် ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ ပန်းမြောက်တောင် အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ကြောင်း ဒေသခံ စစ်ရေးအခြေအနေ သိသူတစ်ဦးက ပြောသည်။

” AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီက လေကြောင်းကနေ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဗုံးအလုံး အများအပြားနဲ့ ခုခံခဲ့တယ်။ တောင်ကုတ်မြို့ တပ်ရင်းတွေကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ အဲဒီကြားထဲကပဲ AA က သိမ်းပိုက်လိုက်တယ်။ ပန်းမြောက်တောင်မှာ စစ်ကောင်စီဖက် အများအပြားကျဆုံးတယ်လို့ သိရတယ်။ တပ်ပြန်ဆုတ်လာတဲ့သူတွေဆီမှာ သေနတ်တွေ နှစ်လက်သုံးလက်လောက်ကိုင်ပြီး တပ်ဆုတ်လာတာကို တွေ့တဲ့သူတွေရှိတယ်။ ” ဟု ပြောသည်။

ပန်းမြောက်တောင် အမြောက်တပ်ရင်း သိမ်းပိုက်ရရှိခြင်းကို AA က ထုတ်ပြန်ခြင်းမရှိသော်လည်း နယ်မြေတပ်ဖွဲ့ဝင်များကတစ်ဆင့် စစ်ရေးသိသူများက အတည်ပြုထားကြသည်။

ပန်းမြောက်တောင်နှင့် စကခ ၅ တပ်မကြားရှိ သိမ်တောင်ရပ်ကွက် ဝေဠုဝန်ကျောင်းတိုက်ရှိရာ တောင်ပေါ်တွင် တပ်ဆုတ်လာသော တပ်ဖွဲ့ဝင်များမှ တပ်စွဲထားပြီး တပ်မက တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ AA ထိုးစစ်အား ပြန်တိုက်ခိုက်ရန် ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။

” နိုဝင်ဘာ ၃ ရက်နေ့က ပန်းမြောက်တောင် အမြောက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ အကျအဆုံးအများအပြားနဲ့ တပ်မဘက်သို့ တပ်ဆုတ်လာတယ်။ ၄ ရက်နေ့မှာ တပ်မအကူအညီနဲ့ ဝေဠုဝန်တောင်ပေါ်မှာ ခံစစ်ပြင်တယ်။ ဒီနေ့ နေ့လယ်လောက်က AA တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ” ဟု ၎င်းက ဆက်ပြောသည်။

ပန်းမြောက်တောင် အမြောက်တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာရက္ခတပ်တော် AA ဖက်က တောင်ကုတ်မြို့အဝင် တက္ကသိုလ်အနီးရှိ ဌာနပေါင်းစုံရှိသည့် စစ်ကောင်စီမောင်းတံဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

AA ၏ တိုက်ခိုက်မှုကြောင့် မောင်းတံဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးနှင့် ရဲတပ်သားငယ်တစ်ဦး ဒဏ်အရာအပြင်းအထန်ရကာ စစ်ဆေးရုံ၌ ဆေးကုသမှုခံနေစဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

စစ်ကောင်စီဖက်ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို အဆက်မပြတ် ပြုလုပ်နေပြီး ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က တောင်ကုတ် သင်္ဘောဆိပ်အနီး မှိုဟင်းတောကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ယခု နိုဝင်ဘာလအစောပိုင်းအထိ အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ်တွင် အရပ်သားသေဆုံးသူ ၃၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၆၀ ဦးထက်မနည်းရှိကြောင်း စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့ထဲတွင် အပြစ်မဲ့အရပ်သားပြည်သူ ၆ သောင်းကျော်ပိတ်မိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပြင်ထွက်ခွင့်မပြုဘဲ ပိတ်လှောင်ထားကာ လူသားဒိုင်းကာအသုံးပြုနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ