Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - တောင်ကုတ်မြို့တွင်ရှိသော စစ်ကောင်စီ၏ စကခ ၅ တပ်မ အား google map ကနေ တွေ့ရစဉ်။

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။

” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲက မနေ့က ရပ်သွားတယ်။ ပန်းမြောက်တောင်ရပ်တော့ ဇီးကိုင်းတောင်း အနောက်ကြောမှာ ပြန်ဖြစ်တယ်။ ဇီးကိုင်းတောင်အနောက်ကြောက ရပ်နားပြီး ဒီကနေ့ ပန်းမြောက်တောင်မှာ ပြန်ဖြစ်တယ်။ မြေပြင်အနေအထားထက် လေကြောင်းတိုက်ခိုက်မှု တအားပြင်းတယ်။ စစ်ကောင်စီဟာ ဗုံးအလုံးကို ရာနဲ့ချီပြီးချတယ်။ ” ဟု ပြောသည်။

လက်ရှိ တောင်ကုတ်တိုက်ပွဲမှာ မြို့ပေါ်နှင့်အလွန်နီးကပ်လာနေပြီး ၇ မိုင်ပတ်လည်တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းနှင့် စကခ ၅ သုံးမိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

မြို့ခံတစ်ဦးက “တိုက်ပွဲက မြို့အပြင်မှာဆိုပေမယ့် စစ်ကောင်စီ လေကြောင်းက တိုက်ပွဲဖြစ်ရာကို ဗုံးကြဲခဲ့တာက တောင်ကုတ်မြို့ အလယ်ဗဟိုတည့်တည့်ကနေပြီး လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ မြို့ခံတွေက ကြောက်ကြတာပေါ့။ တခြားနေရာကနေ ဗုံးသွားကြဲလည်း ရတာပဲ။ မဟုတ်ဘူး မြို့အလယ်တည့်တည့်ကနေပြီး AA ရှိရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်။ တစ်ဖက်က ပြန်ပစ်ရင် အကုန်လုံးနာကြမယ်” ဟု မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့က စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို အာရက္ခတပ်တော် AA က လနှင့်ချီ ဝိုင်းရံပိတ်ဆို့ပြီးနောက် အောက်တိုဘာလ နောက်ဆုံးအပတ်ကစ၍ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်က “တောင်ကုတ်ကို မတိုက်ခင် အမ်းကို အရင် ထိုးစစ်အရှိန်မြှင့်တယ်။ တစ်ပတ်ကျော်မှာ တောင်ကုတ်စစ်မျက်နှာဖွင့်တယ်။ အဓိက အမ်းကို တောင်ကုတ်က စစ်ကူမပေးနိုင်အောင်ပေါ့။ ကြားမှာလည်း မအီကို တပ်တော်က သိမ်းထားပြီဆိုတော့ အခု စစ်ရေးက ပြောရရင် တောင်ကုတ်မှာရော၊ အမ်းမှာရော AA က အသာစီးရနေတယ်လို့ ပြောရမယ်။ ပန်းမြောက်တောင် အမြောက်တပ်ရင်းကို ရက်ပိုင်းအတွင်းပဲ သိမ်းလိုက်တာကိုကြည့်ရင် သိနိုင်ပါတယ်” ဟု ပြောသည်။

ပန်းမြောက်တောင် အမြောက်တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာရက္ခတပ်တော် AA ဖက်က တောင်ကုတ်မြို့အဝင် တက္ကသိုလ်အနီးရှိ ဌာနပေါင်းစုံရှိသည့် စစ်ကောင်စီ စစ်ဆေးရေးမောင်းတံဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

AA ၏ တိုက်ခိုက်မှုကြောင့် မောင်းတံဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးနှင့် ရဲတပ်သားငယ်တစ်ဦး ဒဏ်အရာအပြင်းအထန်ရကာ စစ်ဆေးရုံ၌ ဆေးကုသမှုခံနေစဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ (၅) တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိပြီး သိမ်းပိုက်နိုင်ရေး AA က တိုက်ခိုက်နေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ယခု နိုဝင်ဘာလအစောပိုင်းအထိ အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နယ်တွင် အရပ်သားသေဆုံးသူ ၃၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၆၀ ဦးထက်မနည်းရှိကြောင်း စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့ထဲတွင် အပြစ်မဲ့အရပ်သားပြည်သူ ၆ သောင်းကျော်ပိတ်မိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပြင်ထွက်ခွင့်မပြုဘဲ ပိတ်လှောင်ထားကာ လူသားဒိုင်းကာအသုံးပြုနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ