Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည် မြောက်ပိုင်းဒေသက ငြိမ်းချမ်းရေးသဘောတူညီချက်များကို ညီနောင်သုံးဖော် MNDAA, TNLA, AA တို့က ဦးစွာဖောက်ဖျက်ကြောင်း မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြားသည်။

ညီနောင်သုံးဖော်မှာ ၂၀၂၂ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် အင်အားအလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ညီနောင်သုံးဖော်မှာ သဘောတူညီချက်ကိုချိုးဖောက်ပြီး မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု မင်းအောင်လှိုင်က ဆိုသည်။

ညီနောင်သုံးဖော် MNDAA, TNLA, AA တို့အတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိကြောင်းနှင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း မင်းအောင်လှိုင်က ပြောသည်။

“MNDAA ၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း” ဟု ဆိုသည်။

သို့သော်လည်း မြန်မာစစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး တရားမဝင်အာဏာသိမ်းယူခြင်းနှင့် ပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

တိုက်ပွဲကို အကြောင်းပြု၍ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ မြို့များ၊ နေအိမ်များ၊ အဆောက်အဦးများကို မြန်မာစစ်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် အမျိုးသမီးများအပေါ် အတင်းအဓမ္မကျူးလွန်ခြင်းများကို မင်းအောင်လှိုင်က ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုခဲ့သည်။

မြန်မာစစ်တပ် (စစ်ကောင်စီ)နှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ နိုဝင်ဘာ ၆ ရက်နေ့အတွင်း အရပ်သားပြည်သူ ၅၉၃၁ ဦးသေဆုံးခဲ့ရပြီး ၂၇၆၃၃ ဦးမှာ ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

တရုတ်ဝန်ကြီးချုပ်ကလည်း စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကို ထောက်ခံပြီး မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကူညီမည်ဟု ပြောသည်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုက အရေးကြီးပြီး တရုတ်နိုင်ငံတွင်းအခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးစေရန် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်းနှင့် တရုတ်-မြန်မာစင်္ကြန်တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား ယွမ်-ကျပ် တိုက်ရိုက်ကုန်သွယ်မှုအပါအဝင် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ