Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အမ်း-ပဒါန်းလမ်းပိုင်းက လုံခြုံယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်။

(စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများကို ဆိုင်ကယ်နှင့်ကယ်ထုတ်)

ရခိုင်ပြည်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို နိုဝင်ဘာ ၅ ရက်တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

နံနက် ၁၁ နာရီကျော်မှာ စတင်တိုက်ခိုက်ပြီး မိနစ် ၃၀ ကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဖက်က စစ်ကူများဖြင့် နှစ်ဖက်ညှပ်ပစ်ခတ်ခြင်း၊ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းက ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် တော်လှန်ရေးတပ် ၃ ဖွဲ့မှာ တပ်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ကူများကြောင့် အဆိုပါ ကင်းစခန်းနှစ်ခုကို အပြီးသတ်ရှင်းလင်းရေးမလုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးသွားပြီး ဒဏ်ရာရရှိသူများမှာလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားကြောင်း ဆိုသည်။

ဧရာဝတီ အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်စိုးမိုးနိုင်ရေးသည် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး ယခု အမ်း-ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးသည် စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားများဖြစ်ကြောင်း သိရသည်။

ထို့နောက်တွင် ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနှင့်အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည်ဖော်သွားမည်ဟု မကွေး PRA ၊ အရှိုချင်းတပ်၊ မင်းဘူးခရိုင်တပ်တို့ ပူးပေါင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ