Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ကိုယ်စီဖြင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ညက ထွက်ပြေး သွားကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်မြို့အဝင် အထွက်တစ်ခု ဖြစ်သော ကိုင်းရှည် စစ်ကောင်စီစစ်ဆေးရေးဂိတ် တံတားတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ဦးသည် လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွား ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။

“မနေ့က သုံးယောက် ထွက်ပြေးလာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာကြတာပါ။ သူတို့ ကိုင်းရှည်တံတားနား ကင်းမှာ လုံခြုံရေး ယူနေတာပါ။ စစ်သားတွေပါ။ ထွက်ပြေးချင်နေတာ ကြာပြီလို့ ပြောတယ်။ ဒီဖက်နဲ့ အဆက်အသွယ်မရတော့ ကြားမှာ ကြန့်ကြာသွားတာလို့ ပြောတယ် “ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ သုံးဦးထွက်ပြေးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညက တောင်ကုတ်မြို့နယ်အတွင်း သေနတ်များ ပစ်ဖောက်ကာ လိုက်လံရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တောင်ကုတ်မြို့ အဝင်အထွက်တစ်ခုဖြစ်သည့် ကိုင်းရှည်တံတားတွင် စစ်ကောင်စီအင်အား ရာနှင့်ချီ နေရာယူတပ်စွဲထားသော ကင်းကာဘာတစ်ခုဖြစ်ပြီး ယင်းစခန်းမှ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်လေ့ ရှိသည်။

ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက “အဲ့ဒီစခန်းက အခိုင်အမာ ပြင်ဆင်ထားတာပါ။ သဲအိတ်အထပ်ထပ် လုံခြုံရေးအပြည့်နဲ့ ကာထားတာပါ။ ခံစစ်အနေနဲ့ သေချာလေးကို လုပ်ထားတာပါ။ အဲ့ဒီမှာ ရဲ၊ စစစ၊ စရဖ၊ ယာဉ်ထိန်းရဲတွေ အကုန်ရှိတယ်။ တိုက်ခိုက်ရေးတပ်သားတွေနဲ့ ပူးပေါင်းပြီးတော့ အကုန်နေကြတာပါ “ဟုပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်စ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “ဒီနေ့ နံနက် ၉ နာရီလောက်က စပြီး ဖြစ်တာပါ။ တပ်မနဲ့ အရင်းနီးကပ်နေပါတယ်။ အခု တိုက်ပွဲ ဖြစ်တဲ့နေရာကလေ။ ပန်းမြောက်တောင်ခြေရင်းနားမှာ ဖြစ်နေကြတာပါ။ တပ်မ စကခ (၅)ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ တိုက်ပွဲက အရမ်းကို ပြင်းနေပါတယ်”ဟုပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့စ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားသည်။

AA ၏ တိုက်ခိုက်မှုကြောင့် မောင်းတံဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးနှင့် ရဲတပ်သားငယ်တစ်ဦး ဒဏ်အရာအပြင်းအထန်ရကာ စစ်ဆေးရုံ၌ ဆေးကုသမှုခံနေစဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သေဆုံးသွားသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ စကခ (၅) တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိပြီး အဆိုပါတပ်ရင်းများကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင်လည်း တောင်ကုတ်မြို့ထဲတွင် အပြစ်မဲ့အရပ်သားပြည်သူ ၆ သောင်းကျော်ပိတ်မိနေပြီး နှစ်ဖက် လက်နက်ကိုင်အဖွဲ့များက မြို့အဝင်အထွက်များကို ပိတ်ထားကာ သွားလာခွင့်ကို ပိတ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ