စစ်ကောင်စီ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ သက်ကြီးပိုင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁ဦး လက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။
နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်တွင် တောင်ကုတ်မြို့ နတ်မော်ကျေးရွာကြားနှင့် ကိုင်းရှည်ကျေးရွာဖက်များကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “တစ်ယောက်က ဗုံးစထိမှန်ပြီးတော့ ဆေးရုံမှာ လက်ကို ဖြတ်လိုက်ရပါတယ်။ တစ်ယောက်တော့ သေဆုံးပါတယ်။ ဗုံးနဲ့ ပစ်တယ်။ ဗုံးကြဲတဲ့အသံကြောင့် အိမ်ပေါ်မှာ ထိုင်နေတာကနေ အိမ်အောက်ပြေးဆင်းတာပါ။ အဲ့ဒီမှာ လှေကားမှပြုတ်ကျသွားတာပါ။ အဲ့ဒီနေရာမှာပဲ တစ်ခါတည်း သေဆုံးပါတယ် “ဟုပြောသည်။
အဆိုပါဗုံးသည် နတ်မော်ကျေးရွာအနားစပ်တွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် ဦးမောင်သန့်စိန်၊ အသက် ၆၀ ကျော်ဝန်းကျင်မှာ လက်တွင် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံးအရောက်တွင် လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ရသည်။
သေဆုံးသွားသော အသက် ၇၀ ကျော်အရွယ်ဖြစ်သည့် ဦးစိန်တင်အောင်သည် ဗုံးသံကြောင့် ကြောက်လန့်၍ အိမ်အောက်သို့ ဆင်ပြေးရာတွင် လှေကားထပ်အရောက်တွင် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ သေဆုံးဒဏ်ရာရှိသူများသည့် တောင်ကုတ်မြို့ နတ်မော် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ဖြစ်ကြပြီး အဆိုပါဗုံးသည် နတ်မော်နှင့် ကိုင်းရှည်ရွာနားအစပ် ချောင်းတစ်ဖက်ခြမ်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့် တောင်ကုတ်မြို့ သင်္ဘောဆိပ်အနီး၊ မှိုဟင်းတောကျေးရွာမှ တောင်ရွာ ကျေးရွာသို့ကူးသည် ကူးတို့ဆိပ်အနီးကို စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲချခဲ့သဖြင့် အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တောင်ကုတ်မြို့ ကြိုးကြာကွင်း ရေလှောင်တမံ အနီး ပန်းမြောက်တောင် ခြေရင်းတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး စစ်ကောင်စီက စကခ(၅) မှ လက်နက်ကြီးဖြင့် ပစ်ကူးပေးနေသည်။