Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့)

ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။

“အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က မြို့ထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ တိုက်ပွဲကလည်းအရမ်း ပြင်းထန်နေတယ်”ဟုပြောသည်။

အာလိန်ငါးဆင့်ကျောင်းတိုက်နှင့် ကိုင်းရှည်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သားများ ရာနှင့်ချီ အထိုင်ချ နေထိုင်ကြခြင်းဖြစ်ပြီး AA ကို ခုခံတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

တပ်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များသည် တောင်ကုတ်မြို့ မြို့နယ်စည်ပင်သာယာရုံးနှင့် နီးစပ်ရာအဆောင်အဦးအမြင့်နေရာများ၊ စာသင်ကျောင်းများတွင် စနိုက်ပါများဖြင့် နေရာယူထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ဖုံညို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် မိုင်းများထောင်ထားခဲ့ပြီး အချိန်မရွေးဖောက်ခွဲရန် ပြင်ဆင်ထားကြောင်း စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်က ကိုင်းရှည်တံတားမှာ သူတို့ တပ်စွဲနေထိုင်တုန်းက အဲ့ဒီမိုင်းကို ထောင်တာပါ။ အဲ့ဒါကို AA ဖက်က ဖျက်ဆီးမျိုးမျိုးကြိုးစားကြပေမယ့် မရခဲ့ဘူး။ အခု ထိုးစစ်က အရမ်းနီးလာတော့ စစ်တပ်က အကုန်တပ်ဆုတ်သွားရတယ်။ အဲ့ဒီမိုင်းက ဒီအတိုင်း ရှိနေသေးတယ်။ ဖုံညိုတံတားထိပ်မှာလည်း ဒီအတိုင်း မိုင်းထောင်ထားတာရှိတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်က မိုင်းထောင်ထားသော တောင်ကုတ်မြို့ ဖုံညိုတံတားသည့် သံတွဲဖက်ကို သွားသော မြို့အထွက်တံတားတစ်ခုဖြစ်ပြီး ကိုင်းရှည်တံတားသည် မအီ၊ အမ်း၊ စစ်တွေဖက်ကို ထွက်သည့် မြို့၏ အထွက်တံတားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားနှစ်စင်းလုံးကို မိုင်းခွဲပျက်စီးသွားမည်ဆိုပါက တောင်ကုတ်မြို့ထဲရှိ ပိတ်မိနေသည့်အရပ်သား ၇ သောင်းနီးပါးသည့် မြို့အတွင်း ထွက်ပေါက်မရှိဘဲ ဖြစ်သွားနိုင်ကြောင်း တောင်ကုတ်ဒေသခံများက ပြောဆိုထားသည်။

အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားများတွင် အထိုင်ချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနီးအနားရှိကျေးရွာများ ဖြစ်ကြသော ဒုံးကျေးရွာ၊ တောင်ရွာကို ကိုင်းရှည်ကျေးရွာများကို လက်နက်ကြီး ကျရောက်ခဲ့ကြောင်း သိရသည်။

အသက် ၃၅နှစ်အရွယ်ရှိ တောင်ကုတ်ဒေသခံတစ်ဦးက “အာလိန်ငါးဆင့်ကျောင်းတိုက် လုံးဝပျက်စီးသွားပါပြီ၊ စစ်တပ်က အဲ့ဒီအာလိန်ငါးဆင့်ကနေ ခုခံပြီးတော့ တိုက်နေတာ။ ဟိုဖက် ဒီဖက် ပစ်ခတ်မှုများတော့ အကုန်ပျက်စီးသွားပြီးလို့ ပြောလို့ရတယ်။ ပြီးတော့ ဒုံကျေးရွာက အားလုံးနီးပါး မီးလောင်သွားတယ်။ အဲ့ဒီ ဒုံကျေးရွာမှာ ခရစ်ယာန်ဘုရားကျောင်းလည်း အကုန်မီးလောင်သွားပြီ၊ အရပ်သားတစ်ယောက် သတ်ဖြတ်ခံရတယ်လို့ သိရတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်က တောင်ကုတ်မြို့ နတ်မော်ကျေးရွာဖက်ကို ဆင်းသည့်လမ်း အုပ်ကွင်းနှင့် အာလိန်ငါးဆင့်ကျောင်း၊ ကြိုးကြာကွင်းများကို တပ်စွဲထားပြီး အဆိုပါတပ်များကို AA ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ