Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော အာရက္ခတပ်တော် AA က အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံစစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက သိမ်းပိုက်လိုက်ပြီဟု သိရသည်။

ပဲပဒုံစစ်ဆေးရေးဂိတ်အနီးက BE တပ်ကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မှာ စစ်ဆေးရေးဂိတ်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ မနက် အာရုံလောက်မှာလို့တော့ ပြောပါတယ်။ ပဲပဒုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီလို့။ ကိုယ့်လူတွေ စစ်ဆေးရေးဂိတ်သို့ ရောက်သွားပြီလို့ ပြောပါတယ်။ စစ်ကောင်စီက ပဲပဒုံစစ်ဆေးရေးဂိတ်အနီးနဲ့ BE တပ်အနီးဝန်းကျင်ကို နေ့လယ် ၁၂ နာရီလောက်ကနေ အခုအချိန်အထိ ဗုံးကြဲတိုက်ခိုက်နေတယ်။ ထိခိုက်သေဆုံးမှုတော့ ကျနော်လည်းမသိဘူး။” ဟု ပြောသည်။

အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက ရိက္ခာနှင့် အင်အားအချို့လာပို့သော စစ်ရဟတ်တစ်စီးကို AA က ပစ်ချနိုင်ခဲ့သည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“AA ဘက်တော့ တရားဝင်မထုတ်ပြန်သေးဘူးပေါ့နော်။ စစ်ကောင်စီဖက်ကတော့ စစ်အင်အား၊ ရိက္ခာတွေ ဒီနေ့လည်း လေယာဉ်တွေနဲ့ လာချတာရှိပါတယ်။ မနေ့ကဆို Y12 နှစ်စီးရယ်၊ ရဟတ်ယာဉ် ၄ စီးရယ် ပစ္စည်းလာချတယ်။ နောက်ပြီး ဂျက်ဖိုက်တာ ၃ စီးလောက်နဲ့လည်း AA ရှိရာနေရာတွေကို ပစ်ခတ်နေတယ်။ AA ကလည်း စစ်ကောင်စီလေယာဉ်တွေကို ပြန်ပစ်ခတ်တာရှိပါတယ်။ သတင်းအရကတော့ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ AA က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရဟတ်ယာဉ်တစ်စီး ထိသွားတယ်။ မီးခိုးတွေထွက်ပြီး မကွေးဘက်သို့ ပျံသန်းသွားတယ်။ ပျံအားက ဒရုန်းပျံအားလောက်တောင် မရှိဘူးလို့ မြင်ရတယ်လို့ ပြောတယ်။ အလုံးစုံပျက်လား၊ ဘယ်နားကျသွားလဲတော့ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။

AA ဖက်က ပစ်ခတ်၍ ပျက်စီးသွားသော စစ်ကောင်စီ ရဟတ်ယာဉ်အမျိုးအစားကို မသိရသေးသော်လည်း အချို့သော သတင်းမီဒီယာအချို့တွင် Mi17 လေယာဉ်အမျိုးအစားဖြစ်ကြောင်း ဖော်ပြနေကြသည်။

လက်ရှိတွင် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် ဗျူဟာကုန်းအများစုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် တိုင်းဌာနချုပ်တို့သာ မသိမ်းရသေးဘဲကျန်ကြောင်း သိရသည်။

သို့သော်လည်း အာရက္ခတပ်တော် AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခြံဝန်းထဲကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ဆက်တိုက်ပြုလုပ်နေသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေက AA ပစ်ခတ်သော ရှော့တိုက်ဒုံး တိုင်းရုံးချုပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားသည်ဟု AA နှင့်နီးစပ်သည် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ