Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မန္တလေးတိုင်းဒေသက မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုအချို့ရှိကြောင်း သိရသည်။

ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်နေရာများကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရှော့တိုက်ဒုံး ၁၃ လုံးထက်မနည်းဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း မိတ္ထီလာတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

“ရှမ်းတဲလေတပ်မှာ အရာရှိ ၁ ဦးနဲ့ စစ်သည်တချို့ သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်။ အရေအတွက်တော့ မသိရဘူး။ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ပဲ သိရတယ်” ဟု ဆိုသည်။

စစ်ကောင်စီဖက်ကလည်း ရှမ်းတဲလေတပ်စခန်း တိုက်ခိုက်ခံရခြင်းကို အတည်ပြုထုတ်ပြန်ထားပြီး ဒရုန်းများလာရာလမ်းနှင့် လွှင့်တင်ခဲ့သည့်‌ နေရာများကို ဒရုန်းများပြန်လွှတ်ပြီး လိုက်လံရှာဖွေစစ်ဆေးနေကြောင်း ပြောသည်။

ရှမ်းတဲလေတပ်သို့ လာရောက်တိုက်ခိုက်သော Fixed Wing Drone များမှာ ပြည်သာယာ (မြောက်) ရပ်ကွက်နှင့် ဇောင်ချမ်းကုန်းရပ်ကွက်များပေါ်၌ ပျံသန်းနေစဉ် လေထဲမှာပင် ၈ စလုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အောက်သို့ ပြုတ်ကျပျက်စီးသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ပြောင်းခင်းအတွင်းတွင် ၁ စီး၊ ကျီတော်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ Grand Cosmos Hotel အနီးတွင် Fixed Wing Drone အပိုင်းအစ ၁ ခု၊ ပြည်သာယာ (မြောက်) ရပ်ကွက်ရှိ မဟူရာသုဿန်တွင် Fixed Wing Drone ၁ စီးတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။

သက်ဆိုင်ရာ မိတ္ထီလာတပ်နယ်မှလုံခြုံရေးတာဝန်ရှိသူများက Drone လွှတ်တင်သော နေရာများကို စုံစမ်းစစ်ဆေး ရှာဖွေလျက်ရှိကြောင်း သိရသည်။

“ဒီမနက်ပိုင်း လေတပ်ပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေကြားရတာ။ ဆက်တိုက်ပဲ။ ဒီမနက်ပိုင်း မြို့လယ်တံတား၊ မိတ္တီလာမြို့ထဲ ပတ်ဝန်းကျင်တချို့ကို ပိတ်ဆို့ စစ်ဆေးတာရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

Drone များ ပေါက်ကွဲပျက်ကျမှုကြောင့် အဆောက်အဦးနှင့်လူ ထိခိုက်ပျက်စီးမှုမရှိကြောင်း စစ်ကောင်စီဖက်က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ