အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ် လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည် ရှိရာ အမ်းမြို့ နပခရှိ လက်နက်သိုလှောင်ရုံကို AA က အာပီဂျီအပါအဝင် ရှော့တိုက်ဒုံး ၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။
“နပခကို ၁၀ လုံးထက်မနည်း ပစ်ပါတယ်။ အဲ့ဒီမှာ တစ်လုံးက လက်နက်သိုလှောင်ရုံကို ကျတယ်။ အဲ့ဒီတစ်ဆင့် ကျနော်တို့ ဗိုလ်မှူးနေတဲ့ နေအိမ် မီးလောင်သွားပါတယ်။ အစောင့်တပ်သားတွေ ၁၁ယောက် သေဆုံးပါတယ်။ တော်တော်များများ ဒဏ်ရာ ရကြပါတယ် “ဟုပြောသည်။
အမ်းမြို့ နပခ ဌာနချုပ်ရှိ လက်နက်သို လှောင်ရုံနှင့် ဗိုလ်မှူးနေသော နေအိမ်မီးလောင်သွားပြီး အခြားနေရာများကို မီးလောင် ကူးစက်သွားကြောင်း ယင်း စစ်ကောင်စီ စစ်ရေးသတင်းရင်းမြစ်က Western News ကို ဆက်လက် ပြောဆိုသည်။
နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ နပခ ရှိ လက်နက်သိုလှောင်းရုံကို ပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်မှာ မှန်ကန်ကြောင်း AA ၏ စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်က ပြောသည်။
“ကျနော်တို့ဖက်က မနေ့ညက ၄နာရီခွဲလောက် စပစ်တယ်။ အဲ့ဒီမှာ တိုင်း ဂိုဒေါင်ရုံရှိတယ်။ ပြီးတော့ ဆီဂိုဒေါင်ရုံရှိတယ်။ အဲ့ဒီမှာ ကျနော်တို့ လှမ်းပစ်တာမှာ လက်နက်ဂိုဒေါင်ကို ထိတယ်။ မနေ့က ညနေ ၄ နာရီမီးလောင်နေတာ ညဉ့် ၁ နာရီအထိ မီးက မငြှိမ်းနိုင်ဘူး။ ကျနော်တို့ဖက် ရှော့တိုက်ဒုံးနဲ့ ပစ်တာဗျ။ အလုံးအရေအတွက် တော်တော်များတယ်”ဟုပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက ရိက္ခာနှင့် အင်အားအချို့လာပို့သော စစ်ရဟတ်ယာဥ်တစ်စီးကို AA က ပစ်ချနိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း AA ၏ စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက Western News ကို ပြောသည်။
“မနေ့က ရဟတ်ယာဉ်လာတယ်။ နပခမှာတော့ ဘောလုံးကွင်းအပါအဝင် ရဟတ်ယာဉ်သုံးကွင်းရှိတယ်။ အဲ့ဒီနေရာကို ပစ်တာ။ ပထမဦးဆုံး လက်နက်ခဲယမ်း ပစ်ပို့ခဲ့တဲ့ လေယာဉ်ကို ပစ်တာ။ အဲ့ဒီမှာ မထိဘူး။ နောက်ထပ် ထပ်ပစ်တယ်။ အဲ့ဒီမှာ လေယာဉ်အတောင်ပံကို ထိတယ်။ ထိပြီးတော့ ပျက်ကျသွားတယ်” ဟုပြောသည်။
အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က အမ်းမြို့ခံများအား ဓါးစားခံအဖြစ် ပိတ်လှောင်ထားကာ မြို့ခံများမှာ မြို့အတွင်းမှ ထွက်ပြေးဖို့ ခက်ခဲနေကြောင်း စုံစမ်း သိရှိ ရသည်။
လက်ရှိတွင် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် ဗျူဟာကုန်းအများစုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် တိုင်းဌာနချုပ်တို့သာ မသိမ်းရသေးဘဲ ကျန်ရှိနေကြောင်း သိရသည်။