ရှမ်းမြောက်က နောင်ချိုမြို့နှင့် မန္တလေးတိုင်းဒေသက မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦးသေဆုံးပြီး လူနေအိမ် ၂၀ နီးပါး ပျက်စီးသွားသည်ဟု သိရသည်။
နောင်ချိုမြို့ထဲကို ညနေ ၆ နာရီဝန်းကျင်က ဂျက်ဖိုက်တာကနေ ပေါင် ၃၀၀ ဗုံးများဖြင့် ဗုံးကြဲခဲ့၍ ရဲစခန်း၊ ဈေးရပ်ကွက်နှင့် တောင်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
ရဲစခန်းနှင့် ဈေးရပ်ကွက်က နေအိမ် ၄ လုံး၊ တောင်ရပ်ကွက်က နေအိမ် ၃ လုံးတို့မှာ ဗုံးကျရောက်ပွဲမှုကြောင့် မီးလောင်ပျက်စီးသွားပြီး လူထိမှန်သေဆုံးမှု မရှိခဲ့ပေ။
ဆက်လက်ပြီး အာဏာသိမ်း စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသော မန္တလေးတိုင်းဒေသက မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ညအချိန်တွင် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီက ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ည ၁၂ နာရီခန့်အချိန်မှာ မိုးကုတ်မြို့ လယ်ဦးဘက်၊ ပန်းခြံနှင့် အနောက်ဘက်ပိုင်းတို့ကို ဗုံးအလုံးများစွာ ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သာပြည်သူများ သေဆုံးပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်သည်။
မိုးကုတ်မြို့နယ်ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီထံမှ တအောင်းတပ် TNLA က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး ၄ လအကြာတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် နောင်ချိုမြို့နယ် မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက်ပြီး ဗုံး (၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၃) ဦးသေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့သည်။