Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပေါက်တောမြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိနေသော အရပ်သားပြည်သူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်လာစဉ်။ (ပုံဟောင်းဖြစ်သည်)

နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် အမ်းမြို့ထဲမှာ နောက်ဆုံးသတင်းအချက်အလက်အရ ပိတ်မိနေသော အရပ်သားပြည်သူ ၃,၀၀၀ ကျော်ရှိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့်လက စာအရင်းအရ အမ်းမြို့ထဲမှာ အရပ်သား ၁,၀၀၀ ကျော် ပိတ်မိနေကြောင်း ပြောဆိုခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးသတင်းအရ ပိတ်မိနေသူ ၃,၀၀၀ ကျော်ရှိကြောင်း အခိုင်အမာပြောဆိုကြသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အမ်းမြို့ထဲမှာ ပိတ်နေတဲ့ အရပ်သား ၃၀၀၀ ကျော်ရှိမယ်ထင်ပါတယ်။ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်း၊ လေယာဉ်ကွင်းမှာ ပိတ်မိနေတဲ့ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး ရပ်ကွက် ၁, ရပ်ကွက် ၂, ရပ်ကွက် ၃ နဲ့ အောက်ရွာဘက်တွေ မှာ ပိတ်နေကြပါတယ်။ အများစုက အမ်းမြို့အနီး ကျေးရွာတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိမ်လည် စည်းရုံးခေါ်ထားတဲ့သူတွေဖြစ်ပါတယ်။ မင်းတို့နေတဲ့ရွာတွေကို AA က ဖျက်ဆီးနေတာဆိုပြီး လိမ်လည်စည်းရုံးကာ အမ်းမြို့ထဲကို ဆွဲခေါ်သွားတာဖြစ်တယ်။ မဟုတ်က ဟုတ်ကတွေပြောပြီး ခေါ်သွားတာ။ အခုတော့ ပိတ်လှောင်ထားပြီး ဓါးစားခံအနေနဲ့ အသုံးချနေတယ်” ဟု ပြောသည်။

အမ်းမြို့အနီးက ကျောက်စားကွဲ၊ မီးကျောင်းချောင်း၊ လုံရွာ၊ စပ်စီ စသည့်ကျေးရွာများမှ အပြစ်မဲ့အရပ်သားပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့များက လိမ်လည်စည်းရုံးကာ အမ်းမြို့ထဲသို့ ခေါ်ယူထားခြင်းဖြစ်သည်။

လက်ရှိတွင် အမ်းမြို့ထဲ ပိတ်မိနေသူများကို အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များကို တိုက်ထုတ်ရင်း အရပ်သားပြည်သူများကိုလည်း ကယ်ထုတ်ပေးနေသည်ဟု ဒေသခံ ကိုမျိုးလွင်က ပြောသည်။

“တိုက်ပွဲတွေကတော့ နေရာအစုံမှာ ဖြစ်နေကြတော့ ပိတ်မနေသူတွေလည်း ပြေးစရာ၊ တိမ်းရှောင်စရာမရှိတော့ဘူး။ အခုတော့ AA က ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးနေတာရှိတယ်။ အမ်းမြို့ထဲ သိမ်းပိုက်ထားတဲ့ နေရာတွေက သူတွေကို ဦးစားပေး ကယ်ထုတ်ပေးနေတာ ရှိပါတယ်။ ဘယ်လောက် ကယ်ထုတ်ထားပြီးဆိုတာကိုတော့ မသိဘူး” ဟု ပြောသည်။

မြို့ခံအများစုက အမ်းတိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မြို့ခံအနည်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိမ်လည်ခေါ်ယူထားသည့် ကျေးလက်ဒေသက အရပ်သားတို့မှာ ပိတ်မိနေကြခြင်းဖြစ်သည်။

အမ်းမြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ရင်းများက လူသားဒိုင်းကာအဖြစ် အသုံးပြုထားကြောင်းနှင့် ၎င်းတို့အတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။

အောက်တိုဘာလ ၂၉ ရက် ညနေ ၆ နာရီကျော်အချိန်ကလည်း အမ်းမြို့ထဲကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် ၄ ရပ်ကွက်နှင့် မြို့မြောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ပြီး အရပ်သား ၁၀ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ရန် အရှိန်မြှင့်တိုက်ခိုက်နေချိန် တစ်ပြိုင်တည်း တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ