Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်က တိုက်ပွဲများတွင် ၄၅ ရက်သင်တန်းဆင်း မွတ်ဆလင်တပ်သား ၆၀၀ ထက်မနည်းကို စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေကြောင်း စစ်ရေးလေ့လာသူများ၏ မှတ်တမ်းအရ သိရသည်။

စစ်ရေးလေ့လာသူအချို့သည် အာရက္ခတပ်တော် AA နှင့် နီးစပ်သူများနှင့် စစ်ကောင်စီ၏ သတင်းပေးသူများမှ အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် အတွင်းသတင်းများကို ရယူပြီး Western News ကို အခိုင်အမာ ပြောဆိုကြသည်။

စစ်သားစုဆောင်ခံရသည့် မွတ်ဆလင်များကို ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလ ၅ ရက်နေ့စ၍ အမ်းနှင့် တောင်ကုတ်သို့ ကျောက်ဖြူရေတပ်၊ စစ်တွေရေတပ်အကူအညီဖြင့်အသုတ်လိုက် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ ၂ ရက်နေ့က တစ်ကြိမ်၊ ၅ ရက်နေ့တွင် တစ်ကြိမ် စစ်တွေက နေတစ်ဆင့် ရေတပ်အကူအညီအဖြင့် ကျောက်ဖြူ ရေတပ်ကို ပို့ဆောင်ခဲ့ပြီး ယင်းက တစ်ဆင့် တောင်ကုတ်နှင့် အမ်းကို ပို့ဆောင်ခဲ့သည်ကို Western News က စုံစမ်း သိရှိရသည်။

ယင်းအထဲတွင် အသက်မပြည့်သည့် ကလေးသူငယ် ၂၂ ဦးအထိ ပါရှိပြီး ယင်းအသက်မပြည်သောသူများ မှာ စစ်တွေ အောင်မင်္ဂလာ ၃ဦး၊ သက္ကေပြင်က ၁၁ဦး၊ ခေါင်းဒုက္ခာက ၆ ဦးနှင့် ဘောဒူဖ IDPs စခန်းက ၂ဦးတို့ ဖြစ်ကြောင်း Western News က စုံစမ်း သိရှိရသည်။

အဆိုပါ မွတ်ဆလင်စစ်မှုထမ်းများသည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် ကို အဓိက အသုံးပြုတိုက်ခိုက်နေရပြီး သေဆုံးမှုများမှာ ယခင်ကထက် ပိုများနေကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုထားကြသည်။

ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက “အမ်းနဲ့ တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီက အခြေခံစစ်ပညာ ၄၅ ရက် သင်တန်းပေးထားတဲ့ မွတ်ဆလင် ၆၀၀ ထက်မနည်းကို ပို့ထားတယ်။ အမ်းမှာ ၂၀၀ ကျော်ရှိမယ်။ တောင်ကုတ်မှာ ၄၀၀ လောက် ခန့်မှန်းရပါတယ်။ အမ်းမှာ မဲတောင်တိုက်ပွဲကနေ အခုအချိန်အထိ စစ်ကောင်စီတပ်သား အလောင်းတွေထဲမှာ ၁၀၀ လောက်က မွတ်ဆလင် အလောင်းတွေဖြစ်နေတယ်။ မွတ်ဆလင်တွေကို ၄၅ ရက်သင်တန်းပေးပြီး ရှေ့တန်းပို့ထားတယ်။ သူတို့လူဟောင်းတွေက နောက်ကနေတိုက်တယ်။ သေနတ် အဖြုတ်အတပ်တောင် သိပ်မကျွမ်းတဲ့သူက ဘယ်လိုလုပ် စစ်တိုက်လို့ နိုင်မှာလဲ။ သေဖို့ပဲ ရှိတာပေါ့” ဟု ပြောသည်။

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက တပ်ရင်း ၁၅ ခုထက်မနည်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး စစ်ရေးလေ့သူ၏ ခန့်မှန်းချက်အရ လက်ရှိ အမ်းမြို့ထဲတွင် စစ်ကောင်စီတပ်သား ၁၅၀၀ ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

“အမ်း နပခထဲမှာ စစ်ကောင်စီတပ်သား ၁၅၀၀ လောက်တော့ရှိအုံးမယ်။ သူတို့အားလုံးက ခမရ ၃၇၂ နဲ့ ထောက်ပို့တပ်နဲ့ တိုင်းရုံးခြံဝန်းထဲမှာ စုပြီး ခံစစ်ပြင်ဆင်ထားကြတယ်။ ပဲပဒုံတံတားထိပ်နဲ့ အောက်က တံတားကြားမှာလည်း ထားထားတာရှိတယ်။ ပဲပဒုံတံတား တစ်ဘက်မှာ AA ၊ နောက်တစ်ဘက်မှာ စစ်ကောင်စီတပ်သားတွေ နေ့တိုင်း အပြန်အလှန် ပစ်ခတ်မှုတွေရှိတယ်။ လေကြောင်းကလည်း အဲဒီအနီးအနားတစ်ဝိုက်ကို နေ့တိုင်း ဗုံးလာကြဲတာရှိတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့က စစ်ကောင်စီ၏ စကခ ၅ တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းနှင့် ထောက်ပို့တပ်ရင်းတို့ကို အာရက္ခတပ်တော် AA သည် ဖုံညိုလမ်းကြောင်းနှင့် ပန်းမြောက်တောင်လမ်းကြောင်းတို့က ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး တိုက်ပွဲမှာ လက်ရှိ တောင်ကုတ်မြို့ထဲသို့ ‌ရောက်သွားပြီဟု သတင်းရင်းမြစ်များက ပြောသည်။

” တောင်ကုတ်တိုက်ပွဲက အခု အဓိက တပ်ရင်းတွေကို ထိုးစစ်ဆင်နေပါပြီ။ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က မြို့ထဲဆုတ်ခွာပြီး စည်ပင်ရုံးနဲ့ အစိုးရအဆောက်အဦးအချို့မှာ နေယူထားကြတယ်။ တောင်ကုတ်မှာ စစ်ကောင်စီတပ်သား ၇၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ တပ်သား ၃၀၀ လောက်က သုံးနှစ်လောက်အတွေ့ကြုံရှိတဲ့သူတွေ ဖြစ်တယ်။ ကျန် တပ်သား ၄၀၀ လောက်က ၄၅ ရက်သင်တန်းဆင်း မွတ်ဆလင်တွေဖြစ်တယ်” ဟု ပြောသည်။

အမ်းနှင့် တောင်ကုတ်တိုက်ပွဲမှာ တွေ့ရသော မွတ်ဆလင်တပ်သား ၆၀၀ ခန့်မှာ စစ်တွေမြို့၊ ကျောက်ဖြူနှင့် ကျောက်နီမော် စသည့်ဒေသက ကျေးရွာနှင့် ဒုက္ခသည်စခန်းများက စစ်ကောင်စီက ခေါ်ယူသင်တန်းပေးထား သူများဖြစ်ကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ