(ချင်းညီနောင် စစ်ရေးနှင့်ပတ်သက်၍ သတင်းမှားများ မဖြန့်ဝေကြရန် မေတ္တာရပ်ခံ)
ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့က စစ်ကောင်စီ စစ်စခန်းများကို နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ချင်းညီနောင်တပ်ဖွဲ့များက တစ်ပြိုင်းတည်းထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေကြောင်း ချင်းညီနောင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများဖြင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ချင်းညီနောင်တပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်ရင်းများနှင့် ချင်းညီနောင်တပ်ဖွဲ့တို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိနေပြီး ချင်းညီနောင်၏ စစ်ဆင်ရေးသတင်းများ၊ တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ သတင်းမှားများရေးသားခြင်း၊ သတင်းတုများ ဖြန့်ဝေခြင်းတို့ကို မပြုလုပ်ရန်လည်း ချင်းညီနောင်တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ၏ ပြောဆိုချက်ကို ချင်းမီဒီယာတစ်ခုဖြစ်သည့် ခိုနူမ်းသုန်က ဖော်ပြထားသည်။
“အဓိကက ပြည်သူတွေပေါ့လေ။ စစ်ကောင်စီဘက်က သတင်းကြေညာတဲ့ဟာတွေကို ကိုးကားပြီးမှ ဒါမှမဟုတ်၊ ထင်ရာမြင်ရာ သိရာကို သတင်းမမှန်တဲ့ဟာတွေ ရေးသားဖော်ပြတာတွေ၊ ကိုယ်ပိုင်အကောင့်မှာ၊ မီဒီယာတွေမှာပေါ့။ ပြီးတော့ ချင်းမှာလည်း CC (ချင်းလန်းကောင်စီ) နဲ့ CB (ချင်းညီနောင်) ကွဲနေတဲ့အခါကြတော့ အတုအယောင်၊ အမှားတွေ မဖော်ပြပေးဖို့ပါပဲ” ဟု ပြောသည်။
ချင်းညီနောင်တပ်ဖွဲ့၏ စစ်ရေးသတင်းများနှင့်ပတ်သက်၍ မှန်ကန်တိကျသော သတင်းများနှင့် အောင်ပွဲများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့က ပြောဆိုထားသည်။
ယခု ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်တပ်ဖွဲ့၏ တတိယအကြိမ် စစ်ဆင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပထမလှိုင်းနှင့် ဒုတိယလှိုင်း စစ်ဆင်ရေးအတွင်း ကျင်ဒွေးမြို့နှင့် မတူပီမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ချင်းညီနောင်တပ်ဖွဲ့များ၏ လှုပ်ရှားရာနယ်မြေအတွင်းနှင့် ချင်းပြည်နယ်တဝန်းမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ ကင်းစင်ရမည်ဟု ချင်းညီနောင်တပ်ဖွဲ့များက ကြွေးကြွေးထား၍ လက်ရှိတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြသည်ဟု ယနေ့ ရံပုံငွေရှာဖွေပွဲတွင် ထည့်သွင်းပြောကြားခဲ့ကြသည်။
လိုင်လင်းပီမြို့၊ ပင်တီယာကျေးရွာတွင် စခန်းချထားသည့် CNA နှင့် CDF-Mara တပ်စခန်းကို MDF နှင့် AA တို့က နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။
သို့သော်လည်း အာရက္ခတပ်တော် AA နှင့် မရာကာကွယ်လဲန်းရေးတပ် MDF အနေဖြင့် အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ခြင်းမရှိပေ။