Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကျောက်တော်မြို့သိမ်းတိုက်ပွဲက ရရှိထားသော လက်နက်ခဲယမ်းများအချို့အား တွေ့ရစဉ်။ (ဓါတ်ပုံ - AA)

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း တိုက်ပွဲများကို ၂၀၁၈ ခုနှစ်ကတည်းက ဆက်တိုက်ဖော်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လအနည်းငယ် အနားယူခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တကျော့ပြန် ရခိုင်စစ်ပွဲကို စတင်ခဲ့သည်။ ယင်းအချိန်မှစ၍ ရခိုင်ပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် မြန်မာစစ်တပ် အားလုံးကို ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တစ်ရက်မှ မနားဘဲ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများမှ အဓိက မှတ်တမ်းတင်ရန် အရေးပါသော နေ့၊ ရက်၊ အချိန် အချို့ကို စုစည်းဖော်ပြခြင်းဖြစ်သည်။

■ ပလက်၀မြို့နယ်

ပလက်ဝဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နံနက် ၆ နာရီမှာ ထိုးစစ်စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပလက်၀မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။ ပလက်ဝမြို့နယ်သည် AA ၏ ပထမဆုံးသိမ်းပိုက်သော မြို့ဖြစ်သည်။

■ ကျောက်တော်မြို့နယ်

ကျောက်တော်ဒေသမှာ အမှတ် ၃၇၇ အမြောက်တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလ ၁၄ ရက်နေ့က စတင်သိမ်းပိုက်ပြီး ကျောက်တော်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အာရက္ခတပ်တော် AA က ထုတ်ပြန်ခဲ့သည်။ ကျောက်တော်မြို့သိမ်းတိုက်ပွဲတွင် တပ်မအပါအဝင် တပ်ရင်း ၁၀ ကျော်နှင့် စစ်ကောင်စီ စစ်ရေယာဉ် ၃ စီးကိုလည်း ရေထဲနစ်မြှုပ်နိုင်ခဲ့သည်။ ကျောက်တော်မြို့နယ်သည် AA ၏ ဒုတိယသိမ်းပိုက်သော မြို့ဖြစ်သည်။

■ ရသေ့တောင်မြို့နယ်

ရသေ့တောင်ဒေသတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နယ်ခြားစောင့်တပ်စခန်းများကို စတင်တိုက်ခိုက်သိမ်းပိုက်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ရသေ့တောင်တစ်မြို့နယ်လုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။

■ ပေါက်တောမြို့နယ်

ပေါက်တောမြို့နယ်ရဲစခန်းမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က လက်နက်ချ အညံ့ခံ၍ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ လာရောက်ထိန်းချုပ်ချိန် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုလုံးဖြင့် ပြန်ခုခံ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် ပေါက်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ခဲ့သည်။

■ ပုဏ္ဏားကျွန်းမြို့နယ်

ပုဏ္ဏားကျွန်းဒေသတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခမရ ၅၅၀ တပ်ရင်းကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

■ မင်းပြားမြို့နယ်

စစ်ကောင်စီ၏ လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို (၉) အပါအဝင် မင်းပြားဒေသတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မင်းပြားမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

■ မြောက်ဦးမြို့နယ်

ရှေးဟောင်းအမွေအနှစ်ရှိသော မြောက်ဦးမြို့ဒေသကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် မြောက်ဦးနှင့် ကျောက်တော်ကြားရှိ လင်းမြွေတောင်တပ်စခန်းကြီးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

■ မြေပုံမြို့နယ်

AA ၏ ရခိုင်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲများအနက် မြေပုံမြို့သိမ်းတိုက်ပွဲသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် မလိုဘဲ လွယ်ကူခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့သည်။ မြောက်ဦး၊ မင်းပြား တိုက်ခိုက်နေချိန်အတွင်း မြေပုံရှိ စစ်ကောင်စီတပ်ဖွဲ့များ ကျောက်ဖြူမြို့သို့ စစ်သင်္ဘောများဖြင့် ဆုတ်ခွာသွားကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အာရက္ခတပ်တော် AA က တစ်မြို့နယ်လုံးကို ဝင်ရောက်ထိန်းချုပ် သိမ်းပိုက်ခဲ့သည်။

■ ဘူးသီးတောင်မြို့နယ်

ဘူးသီးတောင်ဒေသသည် အမ်း၊ စစ်တွေပြီးလျှင် တပ်ရင်းအများဆုံးရှိသော မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ်ရင်း အနည်းဆုံး ၂၀ ခန့်အထိရှိကာ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် အာရက္ခတပ်တော် AA က တစ်မြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

■ ရမ်းဗြဲမြို့နယ်

ရမ်းဗြဲမြို့နယ်သည် ရခိုင်ပြည် တောင်ပိုင်းဒေသက ပထမဆုံးသိမ်းပိုက်သော မြို့တစ်ခုဖြစ်ပြီး ၈၅ ရက်ကြာ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။ ရမ်းဗြဲမြို့နယ်မှာ လေးတောင်နယ်မြေရဲစခန်း၊ အောင်လှပြင်နယ်မြေရဲစခန်း၊ ကျောက်နီမော်နယ်မြေရဲစခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းခွဲနှင့် မာယာတောင်ရဲစခန်းတွေရှိပြီး ယင်းစခန်း အားလုံးကို AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

■ သံတွဲမြို့နယ်

သံတွဲဒေသမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် သူဌေးချောင်းအမြောက်တပ်စခန်းကို ထိုးစစ်ဆင်ကာ ငပလီးကမ်းခြေမှာလည်း မေလပထမ အပတ်အတွင်း တစ်ပြိုင်းတည်း စစ်မျက်နှာဖွင့် တိုက်ခိုက်ခဲ့သည်။ ငပလီကမ်းခြေက ခမရ ၅၆၆ တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်မှာ အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။ ငပလီကမ်းခြေလေဆိပ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်၊ နံနက် (၆) နာရီ အချိန်မှာ သိမ်းပိုက်ခဲ့သည်။ ခလရ (၅၅) တပ်ရင်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် သိမ်းပိုက်သည်။

သံတွဲမြို့ဒေသမှာ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ် (ရေတပ်ပင်မရေငုပ်လေ့ကျင့်ရေးစခန်း Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်း) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

■ မောင်တောမြို့နယ်

မောင်ဒေသက စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီအချိန်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတိုက်ပွဲ တစ်နှစ်ပြည့်သည်အထိ တိုက်ပွဲက ပြင်ထန်နေဆဲဖြစ်သည်။ မောင်တောမြို့နယ်က နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းက လွဲပြီး ကျန်တပ်ရင်းတပ်ဖွဲ့များနှင့် မောင်တောမြို့ပေါ်အချို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီလည်းဖြစ်သည်။

■ ဂွမြို့နယ်

သံတွဲမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အာရက္ခတပ်တော် AA သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကျိန္တလီမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ လက်ရှိ ဂွမြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်လျှက်ရှိနေဆဲဖြစ်ပြီး AA ထိုးစစ်သည် ဂွမြို့အနီး ၁၀ မိုင်ခန့်အကွာ ကမ်းသာယာကမ်းခြေအထိ ထိုးဖောက်ဝင်ရောက်ထားပြီလည်းဖြစ်သည်။

■ တောင်ကုတ်မြို့နယ်

တောင်ကုတ်ဒေသတွင် သံတွဲမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်ကတည်းက AA က ပိတ်ဆို့ ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့ကစ၍ ထိုးစစ်အရှိန်မြှင့်ကာ စကခ ၅ တပ်မ၏ အမြောက်တပ်ရင်း ပန်းမြောက်တောင် အမြောက်တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က AA က သိမ်းပိုက်ခဲ့သည်။

■ အမ်းမြို့နယ်

အမ်းဒေသက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၆ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အမ်းမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်သည်။ အမ်းမြို့နယ်တွင် နပခ ကို တပ်ရင်း ၁၇ ခုဖြင့် ကာရံဖွဲ့စည်းထားပြီး ယင်းအထဲက ၁၅ ခုထက်မနည်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီးလည်းဖြစ်သည်။

■ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်

စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ ကြိုကြားတိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များအားလုံးကို ဝိုင်းရံပိတ်ဆို့ထားသည်။ မာန်အောင်မြို့က သီးသန့်ကျွန်းဖြစ်နေ၍ အာရက္ခတပ်တော် AA ၏ စစ်ရေးမှာ မာန်အောင်ကျွန်းသို့ မရောက်ရှိသေးပေ။ အာဏာသိမ်း စစ်ကောင်စီကတော့ မာန်အောင်ကျွန်းမှာ စစ်ရေးပြင်းဆင်မှုများ၊ စစ်မှုထမ်းများအား သင်တန်းပေးခြင်းများကို ပြုလုပ်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ