တအောင်းတပ် TNLA မှာ အထူးတိုက်ခိုက်ရေး စစ်သည် ၁,၀၀၀ ကို ၃ လကြာ သင်တန်းပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့က သင်တန်းဆင်းပွဲကို ထိန်းချုပ်နယ်တစ်ခုတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းကို အမှတ် (က) နှင့် (ခ) တို့သတ်မှတ် ဖွင့်လှစ်ပေးခဲ့ပြီး စစ်ဆင်ရေးနှင့် ရှေ့တန်းတိုက်ခိုက်ရေး ကျွမ်းကျင်အဆင့်ရှိသူများ ဖြစ်စေရန် သင်ကြားပေးခဲ့သည်ဟု ဆိုသည်။
ဆက်လက်ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိသည့် မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ် စောင့်ရှောက်သွားရန် ယခုသင်တန်းဆင်းသူ တစ်ဦးချင်းစီတွင် တာဝန်အပြည့်ရှိကြောင်းနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် မျိုးချစ်စိတ်ဓာတ် ထားရှိကြရန် လိုအပ်ကြောင်း TNLA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက မှာကြားသည်။
သင်တန်းဌာနမှူး ဗိုလ်မှူး တားပခူးကလည်း စစ်သားတစ်ဦး ထားရှိသင့်သည့် ရဲဘော်ရဲဘက်စိတ် မွေးမြူထားရှိရေး၊ မိမိလူမျိုး ရဲဘော်အချင်းချင်း မှန်ကန်သည့် စိတ်ထားကောင်းထားရှိရေး၊ အမိန့်နာခံမှုရှိရေး၊ မိမိကြောင့် ပြဿနာမဖြစ်ပွားအောင် မိမိကိုယ်ကို ထိန်းသိမ်းရေးနှင့် တပ်သားတစ်ဦးတွင် ဖြတ်ထွန်းဉာဏ်နှင့် သွက်လက်ဖြတ်လပ်မှု ရှိရမည်ဟု သင်တန်းဆင်း စစ်သည်များကို မှာကြားခဲ့သည်။
ထို့အပြင် အမျိုသမီး စစ်သင်တန်းအမှတ်စဥ် (၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသမီး စစ်သင်တန်းဆင်းပွဲမှာ သင်တန်းသူ (၂၀၀) ဦးရေ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို PSLF/TNLA ၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့ကြောင်း သိရသည်။
အမျိုးသား အထူးတိုက်ခိုက်ရေးနှင့် အမျိုးသမီး အခြေခံစစ်သင်တန်းကာလအတွင်း သေနတ်ပစ်ထူးချွန်သူ၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်သူအား ဆုချီးမြှင့်ပြီး စစ်ဆင်ရေးနှင့် စစ်ရေးပြကာလအတွင်း အထူးတိုက်ခိုက်ရေး ထူးချွန်သည့် သင်တန်းသား/သူများကို ဆုပေးအပ်ချီးမြှင့်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလတွင်လည်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်၏ အခြေခံ စစ်သင်တန်းအပတ်စဥ် (၆၅) ကို သင်တန်းသူ/သား ဦးရေ ၁,၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။