ရခိုင်ဒေသ (အာရက္ခဒေသ) တစ်ခုလုံး ရခိုင်ပြည်သူများလက်ထဲသို့ အမြန်ဆုံးရောက်ရှိရေးအတွက် စစ်ကောင်စီ စစ်စခန်းများအားလုံးကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လျှက်ရှိပြီး ရည်မှန်းချက်များ ပြီးမြောက်စေရန် လက်ကျန်စစ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲမှတစ်ဆင့် မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အာရက္ခတပ်တော် AA က စတင်ခဲ့ပြီး ယမန်နေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်သည် ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ထိုတစ်နှစ်တာအတွင်းမှာ စစ်ကောင်စီ စစ်စခန်းပေါင်းများစွာကို သိမ်းပိုက်ပြီးနောက် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်ထဲက မြို့ ၁၁ မြို့ကို အာရက္ခတပ်တော် AA သည် အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သည်။
သိမ်းပိုက်ထားသော မြို့များမှာ ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲနှင့် ကျိန္တလီမြို့များ ဖြစ်သည်။
ဆက်လက်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ အရေးပါသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲနှင့် တောင်ကုတ်၊ မောင်တော၊ ဂွမြို့သိမ်းတိုက်ပွဲများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု AA က ဆိုသည်။
မောင်တောမြို့မှာ အမှတ် (၅) နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းတစ်ခုသာ ကျန်ရှိပြီး အမ်း နပခ ထဲက တပ်ရင်းတပ်ဖွဲ့ ၈ ခုကို သိမ်းပိုက်ထားပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက သိမ်းပိုက်ထားသော စစ်ကောင်စီ တပ်စခန်းအချို့မှာ ခမရ ၃၇၃၊ အမြောက်တပ်ရင်း ၃၇၄၊ လျှပ်စစ်အလုပ်ရုံတပ် ၇၅၇၊ စစ်လက်နက် ပစ္စည်းတပ်ခွဲ ၃၄၅၊ တိုက်ပွဲဝင်စည်ရုံးရေးသင်တန်းကျောင်း အမှတ် (၈)၊ ကုတင် ၃၀၀ စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ် တို့ဖြစ်သည်။
အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်း ၁၀ ခု ကျန်ရှိနေသေးပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေကြောင်းနှင့် သိမ်းပိုက်ထားသည့် စခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံချေမှုန်းတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။
နွေဦးတော်လှန်ရေးထဲမှ ပေါက်ဖွားလာသော ပူးပေါင်းတပ်ဖွဲ့များဖြင့် စခန်းသိမ်းတိုက်ပွဲမှ မြို့သိမ်းတိုက်ပွဲသို့ တက်လှမ်းခဲ့ပြီးနောက် အဖွဲ့အစည်းအသီးသီး၏ စစ်ရေးရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိ အထမြောက် အောင်မြင်ခဲ့သည်ဟု ပြော၍ရကြောင်း AA က ပြောသည်။
တိုက်ပွဲအတွင်းနှင့် သိမ်းထားမြို့များတွင် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် အာရက္ခပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းများမှာ မပြီးပြတ်သေးသော ထိုးစစ်များကို ဆက်လက် ဆင်နွှဲရင်း တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိနေ၍ လိုအပ်ချက်များရှိနေမည်ဟု AA က မေတ္တာရပ်ခံထားသည်။
ရခိုင်ပြည်သူများ၏ လိုအပ်ချက်များကို ကောင်းစွာသိရှိနားလည်ပြီး လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဟုလည်း အာရက္ခတပ်တော် AA က တကျော့ပြန်တိုက်ပွဲ တစ်နှစ်ပြည့်နေ့တွင် ကတိပေးထားသည်။
ပြည်သူများကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်နေသော စစ်ကောင်စီ စစ်စခန်းများကို မဟာဗျူဟာမြောက် အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့၍ အချိန်တိုတိုအတွင်း အောင်မြင်မှု ရယူနိုင်ခဲ့ကြောင်းနှင့် နိုင်ငံအနှံ့ စစ်မျက်နှာပြင်တွင် စစ်ကောင်စီအား ဘုံရန်သူအဖြစ် သတ်မှတ်ထားကာ ဘုံရည်မှန်းချက်တူ၊ ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများဖြင့် ဟန်ချက်ညီ တိုက်ခိုက်နေကြောင်း AA က ဆိုသည်။
ရခိုင်ဒေသမှာ (အာရက္ခဒေသ) “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်မှု၊ ကိုယ်လက်အင်္ဂါပေးဆပ်မှုများနှင့် စစ်ဆင်ရေးကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေခဲ့သော မိတ်ဖက်အဖွဲ့အစည်းက စစ်သည်တော်များအပါအဝင် ရဲဘော်စစ်သည်တော်များနှင့် သက်ဆိုင်သူများအားလုံးကို အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အာရက္ခတပ်တော် AA ထုတ်ပြန်ထားသည်။
ယင်းအပြင် ရခိုင်ပြည်တော်လှန်ရေးကာလအတွင်း အဘက်ဘက်မှ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော အာရက္ခဒေသနေပြည်သူများ၊ အဖွဲ့အစည်းနှင့် လူမျိုးကို အားပေးထောက်ခံကြသော ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းအချို့နှင့် ကျေးဇူး တင်ထိုက်သော သူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ရှိကြောင်းလည်း AA က ဆိုသည်။