(စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အထိ တိုးလာ၊ အရေးပေါ်အကူအညီများလိုအပ်)
စစ်ကိုင်းတိုင်းဒေသ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် တော်လှန်ရေးတပ်ပေါင်းစုက ဆင်နွှဲနေပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကစ၍ မြို့ထဲဝင်ရောက် စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။
ပုလဲမြို့ထဲက ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို နံနက် ၄ နာရီအချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဖက်ကလည်း တိုက်ခိုက်ရေးလေယာဉ်များဖြင့် ပုလဲမြို့ပေါ်နှင့် အနီးအနားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။
နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲအချိန်က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိပြီး မြို့ထဲပိတ်မိနေသူအများအပြားရှိကြောင်း သိရသည်။
မြို့ထဲ ပိတ်မိနေသူများအပါအဝင် မြကုန်း၊ အေးကုန်း၊ သာယာကုန်း၊ ညောင်ကုန်း၊ ဇောင်ချမ်းကုန်း၊ အလယ်ဘုံ၊ ချောင်းကန်၊ ညောင်ကန်၊ မကျီးခွ စသော ရွာများက အရပ်သားပြည်သူ တစ်သောင်းကျောင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ သိရသည်။
ပုလဲမြို့ထဲတွင် ဗိုလ်နဂါးတပ် BNRA နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ယနေ့အထိ ပြင်းထန်လျှက်ရှိပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးကြောင်း သိရသည်။
လက်ရှိတွင် စစ်ရှောင်ပြည်သူများအတွက် အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းလည်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဆန်၊ ဆီ၊ ရိက္ခာခြောက်နဲ့ ဆေးဝါးတွေ အဓိက လိုအပ်ပါတယ်။ ပြည်သူတွေ ထိခိုက်မှုတော့ အခုထိတော့ စာရင်းတိတိကျကျ မရသေးပါ။ ဒဏ်ရာရတာ ပြည်သူ ၁၀ ဦး အထက်မှာတော့ ရှိမယ်။ မနေ့က ညနေ ၄ နာရီ ၃၅ မိနစ်မှာ နမခ က တက်လာတဲ့ Mi-35 တစ်စီးက ပုလဲမြို့အပြင် ကျေးရွာတွေကို လေကြောင်းပစ်ခတ်မှု ပြုလုပ်နေတာပါ” ဟု ဆိုသည်။
ပုလဲမြို့နယ် ၈၀ ရာခိုင်နှုန်းကို BNRA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများမှာ ဌာနဆိုင်ရာအဆောက်အဦးနှင့် ရဲစခန်းမှာသာ ကျန်ရှိတော့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က “မြေပြင်အခြေအနေကတော့ လက်ရှိ ရှုပ်ထွေးနေတုန်းပဲ။ လေကြောင်းကလည်း အခုထိ မနားတမ်း လာကျဲနေတယ်။ စစ်ခွေး အင်အား ၂၀၀ နီးပါးအထိ မြေပြင်ထပ်ချထားတယ်။ ဘုတလင်ဘက်မှာ မီးရှို့ လူသတ်နေတဲ့ စစ်ကြောင်းကို ပုလဲဖက်ချပေးထားတယ်” ဟု ဆိုသည်။
ပုလဲမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA တပ်ရင်းတစ်ခု ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းမှားများ လွှင့်နေကြခြင်းမှာလည်း စစ်ဆင်ရေးအနှောင်အယှက်ဖြစ်ရသလို မြို့ခံပြည်သူများကို အန္တရာယ်တွင်းသို့ တွန်းပို့ရာ ရောက်သည်ဟု BNRA ပြန်ကြားရေးက ပြောသည်။
ပုလဲမြို့ထဲက စစ်ကောင်စီတပ်စခန်းများကို BNRA နှင့် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေချိန် AA တပ်ရင်းတစ်ရင်းက ပါဝင်တိုက်ခိုက်နေသည်ဟု ကောလဟာလ သတင်းများကို လူမှုကွန်ရက်များတွင် ဖြန့်ဝေနေကြသည်။
သတင်းမှားများကို ဖြန့်ဝေခြင်းက ဒေသခံပြည်သူများအတွက် မလိုလားအပ်သော အန္တရာယ်များ ကျရောက်နိုင်သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်မင်းရန်ဟန်က ပြောသည်။
“နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှာ မြို့တွင်းစစ်ဆင်ရေးတစ်ခုလုပ်နေ တာရှိပါတယ်။ အဲဒီအပေါ်မှာ လောလောဆယ် စစ်ရေးငြိမ်သက်မှု မရှိသေးတဲ့အတွက် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ သို့ပေမယ့်လည်း ဆိုရှယ်မီဒီယာတွေမှာ မြို့တွင်းစစ်ဆင်ရေးမှာ အာရက္ခတပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်းစာ အကူအညီနဲ့ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းအမှားတွေပေါ့၊ ဒီသတင်းအမှားတွေကြောင့် ကျနော်တို့ ပြည်သူတွေ မလိုလားအပ်တဲ့ အန္တရာယ်ကျရောက် သွားနိုင်ပါတယ်။ ဒါမျိုးမဖြစ်အောင်လို့ ကျနော်တို့အနေနဲ့ သတင်းမီဒီယာကို အကူအညီတောင်းခြင်းပါ။ သတင်း တည်ဆောက်လို့ရရင်တော့ သတင်းတင်ပေးစေချင်ပါတယ်” ဟု ရှင်းပြသည်။
လတ်တလော ပုလဲမြို့ပေါ်တွင် တိုက်ပွဲများဖြင့် စစ်ဆင်ရေးအခြေအနေများ တည်ငြိမ်မှုမရှိသေး၍ သတင်းမီဒီယာများအနေဖြင့် ထုတ်ပြန်ချက်ကို စောင့်ဆိုင်းကြရန် BNRA က မေတ္တာရပ်ခံ ထားသည်။
နိုဝင်ဘာ ၁၁ ရက်နေ့က ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့တွင်ပင် စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ် ဗုံးသီး အလုံး ၂၀ ခန့် မြို့ပတ်ဝန်းကျင်ကို ကြဲချတိုက်ခိုက်ခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက် နံနက် ၈ နာရီ ၂၂ မိနစ်တွင်လည်း Mi 35 ဖြင့် ဗုံးသီး ၃ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၈ မိနစ်တွင်လည်း တံတားဦးလေတပ်မှတက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ထပ်မံဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။