Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သော ဂွမြို့နယ် ဂျိုင်ကောက်တံတား (ဆပ်သွားချောင်းတံတား) အား တွေ့ရစဉ်။ (ဓါတ်ပုံ - APM)

(ဂွမြို့နယ် ဂျိုင်ကောက်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဖောက်ခွဲဖျက်ဆီးပြီး ထွက်ပြေး)


(ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရှုရန် – ဝင်ကြည့်ရန်

နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့က ရခိုင်ပြည် ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က ရွာထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

သေဆုံးသူများမှာ အသက် ၉ နှစ်အရွယ် မသဲသဲ အသက် ၁၅ နှစ်အရွယ် မယွန်းရတီလှိုင်၊ အသက် ၂၈ နှစ်အရွယ် ကိုရီချမ်း၊ အသက် ၅၄ နှစ်အရွယ် ဦးဘမ်ဒို၊ ဦးမိုးညို၊ အသက် ၆၀ အရွယ် ဒေါ်ခင်သက်မူ၊ အသက် ၆၅ နှစ်အရွယ် ဦးဆန်းလှိုင် တို့ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာ ဦးနု၊ ဦးထွန်းထွန်းနိုင်၊ ကိုမောင်မောင်နိုင်၊ ဦးတင်ဝင်းနှင့် မလေးလေးဝါးတို့ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဂျိုင်ကောက် တံတား (ဆပ်သွားချောင်းတံတား) မှာရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ည ၈ နာရီခွဲအချိန်တွင် တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး တပ်ဆုတ်သွားကြောင်း ဂွသတင်းရင်းမြစ်က ပြောသည်။

ဂွဒေသခံတစ်ဦးက “တိုက်ပွဲကတော့ နေရာတော်တော်များများမှာ ဖြစ်နေကြပါတယ်။ ဘယ်နေရာမှာဆိုတာက နည်းနည်းခက်တယ်။ ဂျိုင်ကောက်တံတားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး ဂွမြို့ဘက်သို့ ထွက်ပြေးသွားတယ်။” ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့်က စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “ရွာအထဲမှာရော အပြင်မှာရော တိုက်ပွဲဖြစ်တာ မရှိဘူးလို့ သိရတယ်။ အဲဒီရွာက ခမရ ၃၄၆, ၅၄၄ နဲ့ နီးတယ်။ အဲဒီတပ်တွေကနေ ဒရုန်းနဲ့ ဗုံးလာကြဲသွားတယ်။ ရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာလည်းရှိတယ်။ တစ်အိမ်ထဲမှာ မောင်နှမ လေးဦးလို့ ပြောတယ်။ ဗုံးကြောင့် သေဆုံးသွားတယ်လို့ မိသားစုတွေဆီက သိရတာပါ။ ဖုန်းလိုင်းတွေက ရလိုက်ပြတ်လိုက်ဆိုတော့ အသေးစိတ်အချက်အလက်က မေးလို့ မရလိုက်ဘူး။” ဟု ပြောသည်။

ရန်ခိုကျေးရွာအနီးတွင်ရှိသည့် ဖုန်ညို၊ ဒုံးရွာ၊ ကြိုးကြာကွင်း စသည့်ကျေးရွာများကိုလည်း စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်နှင့် AA တို့မှာ တောင်ကုတ်မြို့ထဲ ကိုင်းရှည်ရပ်ကွက်တွင် ဖြစ်ပွားနေပြီး တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းကို AA က တိုက်ထုတ်ပြီး တက္ကသိုလ်အား ထိန်းချုပ်ထားကြောင်း သိရသည်။

တောင်ကုတ်မြို့ထဲ ပိတ်မိနေသူ အရပ်သားပြည်သူ ၆ သောင်းထက်မနည်းရှိပြီး နှစ်ဖက်တိုက်ပွဲ တောင်ကုတ်မြို့ထဲ ရောက်ရှိလာ၍ ပိတ်မိနေသူများမှာ ကစဉ့်ကလျားထွက်ပြေးနေရခြင်းနှင့် မြို့ထဲမှာ ဆက်လက်ပုန်းခိုနေရသူများလည်း ရှိကြောင်း စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ