ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသ ကွတ်ခိုင်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညဉ့် ၁၂ နာရီခန့်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ဦးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်းနှင့် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက် (၂) တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၈) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေးထားကြောင်း သိရသည်။
ဆက်လက်ပြီး နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း TNLA ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်စခန်း ၃၅၄ နှင့် ၉၀၂ တပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၁၁ က ခမရ ၂၁၃ တပ်ရင်းမှူး အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူများနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီ လက်နဲခဲယမ်းများအနှင့်အတူ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း အရှင်းဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။