(ရခိုင်ပြည်အတွင်း စစ်ရှောင် ၅၅၀,၀၀၀ ကျော် အစာအဟာရ အရေးတကြီးလိုအပ်)
ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ အထိ တစ်နှစ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၇၄၉ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးထားကြောင်း HDCO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် ULA/AA ၏ HDCO မှ ယနေ့ ထုတ်ပြန်သော “ရက္ခိုင်ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာ” တွင် ပြောဆိုထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဖမ်းဆီးထားသည့် ရခိုင်ပြည်သူ အရေအတွက်မှာ ၇၀၃ ဦးနှင့် မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် ARSA, RSO, ARA တို့ ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သားများမှာ ၄၆ ဦးရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ယင်းအပြင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရခိုင်ပြည်သူ ၇၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး မွတ်ဆလင်လက်နက်ကိုင် ARSA, RSO, ARA တို့က အရပ်သား ၂၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း HDCO က ပြောသည်။
ဆက်လက်ပြီး စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အတွင်း အရပ်သား ၁၅၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မွတ်ဆလင်လက်နက်ကိုင်များကြောင့်လည်း ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
HDCO သည် အာရက္ခတပ်တော် ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံးဖြစ်ပြီး အဆိုပါရုံး၏ ယနေ့ထုတ်အစီရင်စာတွင် ရခိုင်ပြည်အတွင်း စစ်ရှောင်ပြည်သူ ၅၅၃,၆၉၆ ဦးအထိ ထိုးလာနေကြောင်း ဖော်ပြထားသည်။
ယင်းစစ်ရှောင်ပြည်သူများထဲတွင် အမျိုးသမီးက ၃၁၃,၂၁၃ ဦးနှင့် ၅၇ ရာခိုင်နှုန်းရှိပြီး အသက် ၅ နှစ်အောက် ကလေး ၃၆၂၉ ဦးပါဝင်ကြောင်းနှင့် အသက် ၁၈ နှစ်အောက် ၆၆၁၈၅ ဦးကို ပါဝင်ကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများ၏ အဓိက အရေးကြီးဆုံးအချက်မှာ အစားအသောက် အကူအညီရရှိရေးဖြစ်ပြီး ဒုက္ခသည်အများစုသည် အိမ်မဲ့ယာမဲ့ဖြင့် သေးငယ်စခန်းများ၊ ဆွေမျိုးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကျပ်ကျပ်တည်းတည်း နေထိုင်နေရကြောင်း HDCO က ပြောသည်။
အဆိုပါ စစ်ရှောင်နေရာများနှင့် ဝေးလံခေါင်သီသော နေရာများတွင် စစ်ရှောင်ပြည်သူများသည် အဟာရချို့တဲ့မှုနှင့် ငတ်ပြတ်မှုဒဏ်ကို ခံစားနေကြရပြီး အစာအဟာရ ဖြည့်ဆည်းထောက်ပံ့ခြင်း အကူအညီများ လိုအပ်နေကြောင်းနှင့် ထိခိုက်လွယ်သော ကလေးငယ်အများစု ပါဝင်ကြောင်းလည်း သိရသည်။
ယင်းအပြင် နေရာထိုင်ခင်းအတွက် အဆောက်အဦးအကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးမှုများ လိုအပ်နေကြောင်း အစီရင်ခံစာအရ သိရသည်။