Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ရေး နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့စဉ်က မြင်တွေ့ရသည့် ဗိုလ်ချုပ်ကျော်ရွှေထွန်းနှင့် တရုတ်တာဝန်ရှိသူတစ်ဦး။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်တည်းတွင် AA ထိုးစစ်ကြောင့်ဆိုကာ ကျောက်ဖြူမြို့က တရုတ်စီးပွားရေးများကို ကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကြောင်း သိရသည်။

ယခု နိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုအဖွဲ့ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။

ကျောက်ဖြူ SEZ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “ကျောက်ဖြူစီမံကိန်းအတွက် နှစ်ဖက် လုံခြုံရေးအဆင့်မြှင့်နေပြီ။ SEZ ဥက္ကဌ ဗိုလ်ချုပ် ကျော်ရွှေထွန်း ဦးဆောင်ပါတယ်။ တရုတ်ပညာရှင်တွေနဲ့ မြန်မာလုံခြုံရေးကုမ္ပဏီတွေလည်း ပါဝင်တယ်။ လုပ်ငန်း လည်ပတ်နေတဲ့ နည်းပညာတွေကို ဝင်ရောက် တားဆီးမရနိုင်အောင် အဆင့်မြှင့်တင်တာတွေလည်း လုပ်နေတယ်။ ရန်သူက အလွယ်တကူ ထိုးဖောက် မဝင်ရောက်နိုင်ဖို့ ကျောက်ဖြူစီမံကိန်း လုံခြုံရေးအတွက် အမြန်လုပ်နေတယ်” ဟု ပြောသည်။

ယခု နိုဝင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီနှင့် တရုတ်တို့အကြား အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေးအတွက် လုပ်ငန်းကော်မတီတရပ်ကို တည်ထောင်ပြီးနောက် ကျောက်ဖြူစီမံကိန်းအတွက် စစ်ကောင်စီနှင့် တရုတ်ပူးပေါင်းထားသော လုံခြုံရေးအဖွဲ့ ချက်ချင်းဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျောက်ဖြူစီမံကိန်းအတွက် တရုတ်နှင့်စစ်ကောင်စီ ပူးတွဲထားသည့် လုံခြုံရေးကုမ္ပဏီမှာ AA ၏ ထိုးစစ်ကို အဓိက တန်ပြန် ခုခံရန်ဖြစ်ပြီး ကျောက်ဖြူ စီမံကိန်းနှင့်ပတ်သက်သော အကျိုးစီးပွားများအားလုံးကို ကာကွယ်ရန်ဖြစ်သည်။

ကျောက်ဖြူ စီးပွားရေးဇုန် ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကျော်ရွှေထွန်းမှာ လက်ရှိတွင် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးတာဝန်ကို ထမ်းဆောင်နေသော ရေတပ် ဗိုလ်ချုပ်တစ်ဦးလည်း ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ၎င်းကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဌအဖြစ် စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားခြင်းဖြစ်သည်။

သို့သော်လည်း လတ်တလော ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်းနှင့် တည်ငြိမ်အေးချမ်းနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အခု လောလောဆယ်တော့ ကျောက်ဖြူမြို့မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ တည်ငြိမ်နေပါတယ်။ အရင်လအနည်းငယ်ကတော့ ကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။ ကျောက်ဖြူမှာရှိတဲ့ တရုတ်စီမံကိန်းတွေကတော့ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။ ဝန်ထမ်းတွေ အပြောင်းအရွှေ့ လုပ်တာလောက်ပဲ ရှိပါတယ်။ ကျန်တာက ပုံမှန်အတိုင်းပါပဲ။ တပ်တော်ဖက်ကတော့ ကျောက်ဖြူမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုတော့ ဝိုင်းထားတယ်ပေါ့နော်။ ဒါကတော့ ကြာပါပြီ” ဟု ပြောသည်။

အာဏာသိမ်း စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် အပတ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်အစိုးရအဖွဲ့ဝင်များဖြင့် တွေ့ဆုံကာ ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအဝင် ရေနက်ဆိပ်ကမ်းစီမံကိန်းအား ဆက်လုပ်မည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။

လက်ရှိတွင် AA က ရခိုင်ပြည်နယ်နှင်ပလက်၀ရှိ မြို့နယ် ၁၁ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသော မြို့နယ်များကို ဆက်လက် တိုက်ခိုက်နေကာ စစ်ကောင်စီတပ်များအားလုံးကို တိုက်ထုတ်မည်ဖြစ်ကြောင်း တရားဝင် စစ်ကြေညာထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ