မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။
စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။
အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။
ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
အရှိုချင်းဒေသက တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို တတ်နိုင်သမျှကာကွယ်စောင့်ရှောက်မည်နှင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး စသည့် ကဏ္ဍများကို အရှိုချင်းပြည်သူများနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။
အရှိုချင်းများသည် မတူသော ဒေသများတွင်ရှိနေကြသော်လည်း ၎င်းတို့အတွက် အာမခံချက်ရှိသော ဖက်ဒရယ်မိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသော အခွင့်အရေးများကို ဆောင်ရွက်ပေးမည်ဟု ACDF ပြောခွင့်ရသူက မီဒီယာအချို့အား ပြောဆိုထားသည်။
တိုင်းရင်းသားပြည်သူလူထု၏ ငြိမ်းချမ်းသာယာဝပြောရေးကို ရှေ့ရှုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ချစ်ခြင်း၊ မေတ္တာ၊ ဉာဏ်ပညာနှင့် သစ္စာတရားကို လက်ကိုင်ထားပြီး ဖော်ဆောင်သွားမည်ဟု ACDF က ဆိုသည်။
လက်ရှိတွင် ACDF တပ်သည် အာရက္ခတပ်တော် AA နှင့်အတူ အခြားသော မဟာမိတ်တော်လှန်ရေးတပ်များဖြင့် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပွဲတွက် ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။