Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ငြင်းဆိုလိုက်သည်။

MNDAA ခေါင်းဆောင် ဖုန်တာရွှင်မှာ တရုတ်နိုင်ငံ၌ ဆေးကုသမှု ခံယူနေခြင်းသာဖြစ်ကြောင်းနှင့် ပြန်လည်သက်သာ ကျန်းမာစေရန် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ပြောသည်။

Lin Jian က နိုဝင်ဘာလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုခဲ့ခြင်းသည်။

“တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့ အရင် လျှောက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး ပြန်လည်သက်သာ ကျန်းမာလာစေဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောခွင့်ရက ရှင်းပြသည်။

MNDAA ဘက်ကလည်း ခေါင်းဆောင် ဖုန်တာရွှင် ဖမ်းဆီးခံရခြင်း ဟုတ်မဟုတ်ကို တိတိကျကျ သေချာ ရှင်းလင်းချက် ထုတ်ပြန်ခြင်းမရှိသည့်အတွက် တရုတ်၏ ငြင်းဆိုချက်မှာ အတည်ယူ၍ မရသေးကြောင်းလည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တောင်းဆိုမှုကြောင် တရုတ်အစိုးရအဖွဲ့သည် ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးပြီး MNDAA တပ်ဖွဲ့များဝင်အားလုံး ရှမ်းမြောက် လားရှိုးမြို့ထဲက ပြန်လည် ဆုတ်ခွာပေးရမည်ဟု ဖိအားပေးနေကြောင်း သတင်းများထွက်ပေါ်နေသည်။

“တရုတ်ငြင်းတာက အတည်ယူလို့မရသေးဘူး။ ကိုးကန့်တပ်ဘက်ကလည်း ဘာမှ ထုတ်ပြန်တာမရှိသေးတော့လေ။ တရုတ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာပြီးနောက်ပိုင်း တရုတ်ဟာ ကိုးကန့်ရော၊ KIA ရော တော်တော်လေးကို ဖိအားပေးနေတယ်။ တပ်တွေ ပြန်ဆုတ်ဖို့၊ တိုက်ပွဲတွေ မဖော်ဖို့ အကျပ်ကိုင်လုပ်နေတာရှိတယ်။ အခုလည်း နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ထားတယ်။ အခုလို အတင်းအဓမ္မလုပ်တော့ စိတ်မကောင်းစရာပေါ့နော်။ တရုတ်က စစ်ကောင်စီနဲ့ ဘာတွေညှိနှိုင်းပြီး သဘောတူထားတာရှိလဲတော့ မသိဘူး” ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းများထွက်ပေါ်လာချိန် နေပြည်တော်တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည်သိမ်းယူရန် လုပ်ဆောင်နေသော “ရန်နိုင်မင်း” စစ်ဆင်ရေး ရည်မှန်းချက်မှာ အပြောင်းအလဲမရှိဘဲ ပိုမိုခိုင်မာလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

တရုတ်မှ ပြန်လာပြီးနောက် မင်းအောင်လှိုင်သည် ရန်နိုင်မင်းစစ်ဆင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စစ်ရေးကွပ်ကဲမှုများတွင် ပိုမိုထဲထဲဝင်ဝင် ပါဝင်စီမံခန့်ခွဲနေသည်ဟု သိရသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က “တရုတ်က ပြန်လာပြီးတဲ့နောက်မှာ တပ်ချုပ်အနေနဲ့ လားရှိုးနဲ့ ရမခနဲ့ ရှမ်းမြောက်မှာရှိတဲ့ မြို့တော်တော်များများကို ပြန်သိမ်းဖို့ ယုံကြည်ချက် ပိုရှိလာတဲ့ အနေအထား မြင်တွေ့ရပါတယ်။ တရုတ်နဲ့လည်း ပိုပြီးတော့ ဆက်ဆံရေးလမ်း ကြောင်းတွေ ဖွင့်ပြီးတော့ လုပ်ဆောင်လာတာမြင်ရတယ်။ တကယ်တမ်း လားရှိုးကို ပြန်သိမ်းဖို့ တိုက်ပြီဆိုရင် တရုတ်ကို အကြောင်းကြားပြီး တိုက်မယ့် အနေအထားလို့ သုံးသပ်လို့ရပါတယ်” ဟု ပြောသည်။

စက်တင်ဘာလအတွင်း စတင်ခဲ့သော ရန်နိုင်မင်းစစ်ဆင်ရေး၏ ပထမအဆင့်အနေဖြင့် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများတွင် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့များပုံမှန် ပြန်လည် လည်ပတ်နိုင်ခြင်းမရှိတော့၍ ရန်နိုင်မင်း စစ်ဆင်ရေး၏ ပထမအဆင့် အောင်မြင်သည်ဟု စစ်ကောင်စီဖက်က သုံးသပ်နေကြသည်။

စစ်ကောင်စီက ရန်နိုင်မင်းစစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ရာတွင် လားရှိုး၊ နောင်ချို၊ ကွတ်ခိုင် စသည့် ရှမ်းမြောက်ဒေသများနှင့် ရခိုင်၊ ကရင်နီ၊ ကချင်၊ စစ်ကိုင်းတိုင်းတို့တွင် ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရပြီး နေအိမ်နှင့် အဆောက်အအုံများလည်း များစွာပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ