Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့သူများအတွက် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အာရက္ခတပ်တော် AA က အကျဉ်းရုံး ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကုန်ခဲ့ပြီးသော ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာစစ်တပ်က ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးများဖြင့် လစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေသည့် အာရက္ခတပ်တော်မှ ဗိုလ်လောင်း ၈ ဦးအပါအဝင် အခြားသောတိုင်းရင်းတော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်လောင်းများ စုစုပေါင်းဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရသည်။

ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် တအောင်းတပ်မတော် TNLA မှ ၁၁ ဦး၊ အာရက္ခတပ်တော် AA မှ ၈ ဦး၊ ကျောင်းသားတပ်မတော် ABDSF မှ ၂ ဦးနှင့် ချင်းအမျိုးသားတပ်ဦး CNF မှ ၂ ဦးတို့ ပါဝင်ကြသည်။

ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့သည် ဗိုလ်လောင်းများကျဆုံးခဲ့သော ၁၀ နှစ် တင်းတင်းပြည့်မြောက်သည့် နေ့ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးအခြေအနေများအရ အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခဲ့သော်လည်း နိုဝင်ဘာ ၁၉ ရက်နေ့ကို “ဘယ်တော့မှမမေ့ဘူး” ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။

နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်လောင်းများလဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတဝက်လွှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း AA က ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက ရခိုင်ပြည်အတွင်း မြို့နယ်အချို့တွင် မြန်မာစစ်တပ် ပစ်ခတ်၍ ကျဆုံးသွားသော အဆိုပါ ဗိုလ်လောင်းများအတွက် လူငယ်များအပါအဝင် ရခိုင်ပြည်သူအချို့က အောက်မေ့ဖွယ်အခမ်းအနား အသီးသီး ပြုလုပ်ခဲ့ရှိခဲ့ကြသည်။

စစ်တွေမြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က AA ဗိုလ်လောင်းအပါအဝင် ဗိုလ်လောင်းများအားလုံးအတွက် ကျဆုံးမှုဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား လူငယ်များကပြုလုပ်ခဲ့သေးသည်။

ဦးဆောင်ကျင်းပခဲ့သူ ဦးစံမောင်ကို ဘေးစီမံပုဒ်မ ၂၉ ဖြင့် စစ်တွေအမှတ် ၁ ရဲစခန်းတွင် မြို့နယ်အဆင့် တရားဥပဒေလေးစားလိုက်နာရေးနှင့် တရားစွဲဆိုရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးအောင်ဇံဝေက တရားလိုလုပ်တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် ဦးစံမောင်မှာ တရားသေ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ