တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ကုတ်မြို့ထဲကို စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာများဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၁၇ ရက်နေ့က လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကိုအောင်မြင့်အေး (ခ) မိုးဟေကို ဖြစ်ပြီး အသက် ၄၀ အရွယ်ရှိကြောင်းနှင့် တိုက်ပွဲကြားထဲ ပိတ်မိနေစဉ် ဗုံးစထိမှန်၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းတစ်ဦးက ပြောသည်။
“မနေ့က တောင်ကုတ်မြို့ထဲ အမ်းလမ်းမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီလမ်းမှာ KBZ ဘဏ်ရှိတယ်။ တိုက်ပွဲကြောင့် KBZ ဘဏ်လည်း မီးလောင်သွားတယ်။ သူလည်း ဗုံးစထိပြီး သေသွားတယ်။ တိုက်ပွဲဖြစ်တာက နေ့လယ် ၁၂ နာရီလောက် ၂ နာရီကြားမှာလို့ သိရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲဒီမှာ ထိပြီး သေသွားတာပါ။” ဟု ပြောသည်။
LGBT ခံယူသူ ကိုအောင်မြင့်အေးမှာ တောင်ကုတ်မြို့ခံတစ်ဦးဖြစ်သလို ငယ်ငယ်ကတည်းက ရိုးသားကြိုးစားသူတစ်ဦးဖြစ်ကြောင်းနှင့် မိသားစုဝင်များ၊ အပေါင်းအသင်း မိတ်ဆွေများအပေါ် ကူညီတတ်သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
လူချစ်လူခင်ပေါသော ကိုအောင်မြင့်အေး သေဆုံးမှုအပေါ် ၎င်း၏ ရင်းနှီးသော တောင်ကုတ်မြို့ခံ မိတ်ဆွေများက လူမှုကွန်ရက်စာမျက်နှာများတွင် ဝမ်းနည်းကြောင်းနှင့် ကောင်းရာဘုံဘဝ ရောက်စေကြောင်း ဆုတောင်းပေးနေကြသည်။
“တောင်ကုတ်စျေးထဲသွားရင် နင့်အသံမကြားရတော့ဘူးပေါ့နော်။ ဇာတ်ပွဲတွေမှာ နင်ကတာ မကြည့်ရတော့ဘူးပေါ့နော်။ ရာသီပူချိန်မှာ နင်ရောင်းတဲ့ ဖရဲသီးချိုချိုလေး မစားရတော့ဘူးပေါ့နော်။ အတွင်းစိတ်လှတဲ့နင် ကောင်းရာသုဂတိရောက်ပါစေဟာ” ဟု ဆိုပြီး မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ပြောဆိုထားသည်။
ကိုအောင်မြင့်အေး သည် မသေဆုံးမီ တောင်ကုတ်မြို့တွင်းတိုက်ပွဲ မဖြစ်ခင်က ဟင်းသီးဟင်းရွက်၊ အသီးအနှံများရောင်းပြီး ဈေးရောင်းအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နှလုံးလှပရဟိတသမားအဖြစ် ဆုချီးမြှင့်ခံထားရသူ တောင်ကုတ်မြို့ခံ ပရဟိတသမားကြီး အသက် ၆၄ နှစ်အရွယ် ဦးစိုးမြင့်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းကို ခံရ၍ နိုဝင်ဘာလ ၁၅ ရက်နေ့က သေဆုံးခဲ့ရသည်။
တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့်က စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရသည်။
တောင်ကုတ်မြို့ထဲတွင် ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တိုက်ပွဲ ၅ နေရာထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းနှင့် မြို့ထဲ ပိတ်မိနေသူ အများအပြားလည်းရှိနေသေးကြောင်း စုံစမ်းသိရသည်။