ရခိုင် (အာရက္ခ) ရေပိုင်နက်အတွင်းသို့ ကျူးကျော်၍ ငါးခိုးဖမ်းရန် ဝင်ရောက်လာသူ မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားတော့မည်ဟု အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်အသိပေးသည်။
နိုဝင်ဘာလ ၅ ရက်နေ့က မောင်တောဒေသ ရခိုင်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP လက်ထဲသို့ ပြန်လည်လွှဲပြောင်းပြီးနောက် AA က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ အစီး ၆၀ ခန့်မှာ ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ငါးဖမ်းနေစဉ် AA ကမ်းခြေစောင့် လုံခြုံရေးတပ်က ခေါ်ယူဖမ်းဆီးရာတွင် ငါးဖမ်းလှေ ၁၅ စီး (စက်တပ် ၂ စီး၊ စက်မပါ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း AA က ဆိုသည်။
၎င်းတို့ကို နှစ်ရက်ကြာ စစ်ဆေးမေးမြန်းပြီး နောက်နောင် ရခိုင်ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ BGP ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရသည်။
ထိုကြောင့် ရခိုင်ရေပိုင်နက်အတွင်း အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများ၏ မိသားစုစားဝတ်နေရေး အကျပ်အတည်းများကို ထောက်ထားငဲ့ညှာမှုနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရကြား နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း AA ပြောသည်။
အဆိုပါ ငါးဖမ်းသမား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို နိုဝင်ဘာလ ၇ ရက်ကတည်းက ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင့် ၎င်းတို့၏ စက်လှေများထဲမှ ၇ စီးကို ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်တွင် လွှဲပြောင်းပေးနိုင်ခဲ့ပြီး ကျန်စက်လှေ ၈ စီးကို လုံခြုံရေးအာမခံချက်ရှိချိန်မှသာ ဆက်လက်လွှဲပြောင်းပေးမည်ဟု သိရသည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသ ရခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို AA ကမ်းခြေစောင့်လုံခြုံရေးတပ်က မကြာခဏ ဖမ်းဆီးရမိနေပြီး ချက်ချင်းပြန်လွှတ် လွှဲပြောင်းပေးခြင်းကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့က ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပင်လယ်ပြင်တွင် ဓါးပြတိုက်ခံရပြီး ရခိုင်ရေပိုက်နက်အတွင်း မျောနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၆ ဦးကို အာရက္ခတပ်တော် AA က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံသို့ ချက်ချင်းပြန်လွှဲပြောင်းပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၇ ရက်နေ့ကလည်း တရားမဝင် ရခိုင်ပိုင်နက်ရေပြင်ကို ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ငါးဖမ်းစက်လှေပေါ်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို AA က ဖမ်းဆီးပြီး ချက်ချင်းပြန်လွှတ် လွှဲပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်းများက ပြောဆိုထားသည်။
သို့သော်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်အတွင်း နတ်မြစ်ကိုဖြတ်ကျော်ပြီး စိန့်မာတင်ကျွန်းသို့ မောင်းနှင်သွားလာနေသည့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောနှစ်စင်းနှင့်အတူ သင်္ဘောပေါ်ပါရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို AA က ဖမ်းသွားသည်ဟု သတင်းများထွက်ပေါ်နေသည်။
အဆိုပါ ကိစ္စကို အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက သတင်းမှားသာဖြစ်ကြောင်း ငြင်းဆိုထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးထားခြင်း လုံးဝမရှိကြောင်း တုန့်ပြန်ပြောဆိုထားသည်။