Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နံနက်က စစ်ကောင်စီ ဗုံးကြောင့် နေရာ၌ သေဆုံးခဲ့ရသည့် တောင်ကုတ်မြို့နယ် သင်္ချီကိုင်းရွာက အပြစ်မဲ့အရပ်သားများ။ (ဓါတ်ပုံ - APM)

ရခိုင်ပြည် တောင်ကုတ်မြို့မှာ တိုက်ပွဲပြင်းထန်နေသော်လည်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ ကျေးရွာ သင်္ချီကိုင်းရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၄ ဦးသေဆုံးသွားကြောင်း သိရသည်။

သင်္ချီကိုင်းကျေးရွာမှာ နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းက ဗုံးကြဲခံရ၍ အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

“သင်္ချီကိုင်းရွာ ဗုံးကြဲခံရလို့ အရပ်သား ၄ ဦးသေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိပါတယ်။ နေအိမ်တွေလည်း မီးလောင်ဆုံးရှုံးသွားတာရှိပါတယ်။ သင်္ချီကိုင်းရွာက အရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တဲ့ ဒုံရွာနဲ့နီးပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ဗုံးကြောင့် သေဆုံးသွားသည့် သင်္ချီကိုင်းရွာသားများမှာ ကိုရင်ဂို၊ မရွှေရည်ဝင်း၊ မဒေစီမြင့်နှင့် မသန်းသန်းအေး တို့ဖြစ်ကြပြီး အသက်အရွယ်မှာ အသက် ၁၀ နှစ်ကျော်မှ ၃၀ အရွယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး ၎င်းတို့မှာ အသက် ၂၀ ကျော်အရွယ် မနီလာထွေး၊ အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုဦး၊ အသက် ၇၀ အရွယ် ဦးတင်အေးနှင့် အသက် ၈၀ အရွယ် ဦးဘချစ်တို့ ဖြစ်ကြသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့ခံ အသက် ၄၀ အရွယ် ကိုအောင်မြင့်အေး (LGBT) မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရသည်။

ယင်းအပြင် နှလုံးလှပရဟိတသမားအဖြစ် ဆုချီးမြှင့်ခံထားရသူ တောင်ကုတ်မြို့ခံ ပရဟိတသမားကြီး အသက် ၆၄ နှစ်အရွယ် ဦးစိုးမြင့်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်သတ်ခြင်းကို ခံရ၍ နိုဝင်ဘာလ ၁၅ ရက်နေ့က သေဆုံးခဲ့ရသည်။

တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာကိုလည်း နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရသည်။

တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိနေပြီး မြို့ထဲပိတ်မိနေသူ အရပ်သား အများအပြားလည်း ကျန်ရှိနေသေးကြောင်း စုံစမ်းသိရသည်။

လက်ရှိ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်မှာ တောင်ကုတ်တပ်မ စကခ ၅ ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခြားထောက်ပို့တပ်၊ ခမရ ၅၄၄ တပ်ရင်းနဲ့ ခမရ ၃၄၆ တပ်ရင်းတို့ကိုလည်း ကြားညှပ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ