(စစ်တပ်ဖက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရဟုဆို)
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင်၊ အမ်းဘက်သို့ စစ်ကူသွားသည့် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့် ကြာမြင့်ပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်သား ၉ ဦးသေဆုံးကြောင်းနှင့် အခြား စစ်သား ၁၀ ဦးခန့်မှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းမှာ အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် – လက်အောက်ခံတပ်များနှင့် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်း သင်တန်းဆင်း တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
မကွေး PRA တပ် ပြန်ကြားရေးတာဝန်ခံက “ဒီစစ်ကြောင်းက ရခိုင်ဘက်ကို ပို့မယ်လို့ ပြောလို့ရပါတယ်။ ရခိုင်ဘက်ကို ပို့တဲ့ ယာဉ်တန်းတွေကို လုံခြုံရေးယူတဲ့တပ်ဖွဲ့ဝင်တွေနဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ သူတွေနဲ့ စုပေါင်းပြီးတော့ ဂုတ်ကြီးဘက်ကို တက်လာတဲ့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ဘက်ကို တက်မည့် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သော်လည်း ကားများတွင် Jammer ပါလာ၍ ရီမုတ်မိုင်းများက မပေါက်ကွဲခဲ့ကြောင်းနှင့် ယင်းကဲ့သို့ မပေါက်ကွဲခဲ့သည့်အတွက် ယာဉ်တန်းကို လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင်များနှင့် ကားပျက်၍ ကျန်ခဲ့သော စစ်ကြောင်းများကို နောက်တစ်နေရာကနေ ခြုံခိုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ဆိုသည်။
လက်ရှိတွင် ငဖဲမြို့နယ်၊ ပဒါန်း-အမ်းလမ်းပိုင်း ထိန်းချုပ်ရေးအတွက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ရှေ့ပြေး လှုပ်ရှားမှုများအဖြစ် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီက အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကူအင်အားများ ကြိုးစား ဖြည့်တင်းလျက်ရှိသော်လည်း တပ်စခန်းများနှင့် တပ်ရင်းများစသဖြင့် တပ်အများစုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။