Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကို ကျင်းပခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အလွန်တိုးမြှင့်လာသည့် မြန်မာစစ်တပ်ကို ဗြိတိန်သံအမတ်ကြီး Barbara Woodward က ရှုတ်ချလိုက်သည်။

မြန်မာ့အရေး တံခါပိတ်အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လွန်ခဲ့သော ၃ လအတွင်း မြန်မာစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်သံအမတ်ကြီးက ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် ပြည်သူများကို တိုက်ခိုက်ရာတွင် ပေါက်ကွဲမှု ပြင်းထန်သော စစ်ဘက်ဆိုင်ရာ လက်နက်များကို အသုံးပြုလာပြီး မြေမြှပ်မိုင်းနှင့် လက်နက်ကြီးများကိုလည်း အသုံးပြုလာကြောင်း ပြောသည်။

လတ်တလော မြန်မာလူဦးရေ၏ ၃ ပုံ ၁ ပုံမှာ ငတ်မွတ်မှုများ ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ဖြန့်ဝေနိုင်ရေးနှင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဗြိတိန်သံအမတ်ကြီးက တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိကြောင်း ပြောသည်။

နိုင်ငံအချို့၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးကူညီမှုများကြောင့် စစ်အုပ်စုအနေဖြင့် ဤကဲ့သို့သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နိုင်နေခြင်းဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။

ထိုကြောင့် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်ရေးကိစ္စရပ်များတွင်ပါ နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေခြင်းကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းကြောင်း သံအမတ်ကြီးက တောင်းဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ