Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်မှာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ၏ စစ်တမ်းမှာ ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

“မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာလည်း မြေမြုပ်မိုင်းများရှိလာကြောင်း ICBL စစ်တမ်းက ဆိုသည်။

မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က မြေမြှပ်မိုင်းကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ ၁,၀၀၃ ဦး ရှိခဲ့သည်ဟု အချက်အလက်ကောက်ယူရရှိထားကြောင်း သိရသည်။

ICBL အဖွဲ့၏သုတေသီ ဒေါက်တာ Yeshua Moser-Puangsuwan က “မြန်မာတစ်နိုင်ငံလုံးကိုစောင့်ကြည့်နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့မှာမရှိပါဘူး။ ဒီအချက်အလက်တွေဟာ မြေပြင်မှာတကယ်ဖြစ်နေတာထက်တောင် လျော့နည်းနေနိုင်ပါတယ်။ ဒီထက် နှစ်ဆသုံးဆလောက်ရှိမယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ပြောသည်။

သို့သော်လည်း အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL အနေဖြင့် မြန်မာနိုင်ငံအတွင်း တရားဝင်လေ့လာစောင့်ကြည့် ခွင့်မရှိဘဲ ပေးပို့သော အချက်အလက်များကိုသာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနှင့်ပတ်သက်ပြီး ထူးခြားဖြစ်စဉ်များလည်းရှိခဲ့ပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့၍ အရပ်သားများ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည့်ဖြစ်စဉ်မျိုး အများအပြား ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် အရပ်သားများ၏ ဥယျာဉ်ခြံမြေများတွင် စစ်တပ်က မြေမြုပ်ထောင်ထားပြီး နွားတစ်ကောင်က မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် စစ်ကောင်စီတပ် အရာရှိက ငွေကျပ် ၁၅ သိန်းခန့် နွားပိုင်ရှင်ဆီက ဖိအားပေးလျော်ကြေးတောင်းခံမှုများလည်း ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဆီးရီးယားမှာ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ ၉၃၃ ဦးရှိပြီး၊ ယူကရိန်းနှင့် အာဖဂန်နစ္စတန်မှာမူ ၅၀၀ ကျော် ရှိကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းများအရ မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာသူများ၏ ၈၄ ရာခိုင်နှုန်း အရပ်သားများသာဖြစ်ကြပြီး ယင်းအထဲက ၃၇ ရာခိုင်နှုန်းမှာ ကလေးသူငယ်များ ဖြစ်ကြကြောင်းလည်း မြေမြုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်သည် ကလေးငယ်များဖြစ်သည်ဟု ယူနီဆက်ဖ် UNICEF က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ