Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများ။ (ပုံဟောင်းဖြစ်သည်)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကုက္ကိုကုန်း တိုက်နယ်ဆေးရုံကို မြန်မာစစ်တပ်က ဝင်ရောက် စီးနင်းတပ်စွဲပြီးနောက် ကျေးရွာအနီးကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာ၍ ကျေးရွာ ၅ ရွာထက်မနည်း ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေရကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး ကုက္ကိုကုန်းတိုက်နယ်ဆေးရုံသို့ စစ်ကောင်စီ၏ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး ရွာထဲနှင့်ဆေးရုံ၌ ၂ ရက်ကြာ တပ်စွဲခဲ့သည်။

ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က “စစ်ခွေး စစ်ကြောင်းက ကုက္ကိုလ်ကုန်းရွာထဲမှာ ပဲရှိသေးတယ်။ မနေ့ကကော ဒီနေ့ကော လေယာဉ်နဲ့ ၂ ရက်ဆက် စစ်ခွေးတွေ ဗုံးကြဲတိုက်ခိုက်လို့ အနီးအနားရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်။ စစ်ကြောင်းက လမ်းရှင်းနေတာ ထင်တယ်။ မြေပြင် ထိတွေ့မှုတွေ ဘာမှမရှိဘူး။ နေ့တိုင်းကို လေယာဉ်က ဗုံးလာကြဲနေတာ ပြီးတော့ စစ်ခွေးတွေ အင်အား ထပ်ဖြည့်နေတယ်။ အားလုံးပေါင်း ၄၀၀ လောက်ရှိမယ်။ ကြည့်ရတာတွေ ရွာတွေကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးမယ် ထင်တယ်” ဟု ပြောသည်။

လက်ရှိချိန်အထိ စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြန်မာစစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဆက်တိုက် ဦးတည်တိုက်ခိုက်နေသည့်အပြင် မြေပြင်စစ်ကြောင်းများကလည်း ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့က ကျွန်းလှမြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းမှာလည်း စစ်ကား ၃ စီးဖြင့် ကံပေါက်ရွာသို့ ရောက်ရှိလာကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ညအချိန် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးကိုလည်း မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဓာတုအဆိပ်ဗုံးများ အပါအဝင် ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားသည်။
ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးတစ်ဝိုက်ကို မြန်မာစစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ပေါင် ၅၀၀ ဗုံး ၄ လုံးနှင့် ပေါင် ၂၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ပြည်သူတွေ အတုံးအရုန်းဖြစ်ကုန်ပြီ အထိအခိုက်များတယ်။ အခုလေးတင် သယ်ထုတ်လာရတဲ့သူ ၈၀ ကျော်တယ်။ သတိပြန်ရတဲ့သူ နည်းတယ်။ တော်တော်များများ သတိမရသေးဘူး” ဟု ပြောသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ